By Sayar Ngaat / MPA
စစ်ကောင်စီ လက်အောက်ခံ၊ အကျဉ်းဦးစီးဌာန၏ ထောင်အာဏာပိုင်များသည် နိုင်ငံရေးအကျဉ်းသားများကို ထောင်ရွှေ့ပြောင်းမှုများ ပြုလုပ်ပြီးနောက် ငွေကြေးများကောက်ခံကာ ဖိနှိပ်မှုများပြုလုပ်နေကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာ နိုင်ငံရေးအကျဉ်းသားများကွန်ရက်မှ သိရသည်။
၂၀၂၄ခုနှစ်၊ ဇွန်လ ဒုတိယပတ်မှ စတင်ကာ မြန်မာနိုင်ငံအနှံ့ အကျဉ်းထောင်အသီးသီးရှိ နိုင်ငံရေးအကျဉ်းသားမျးကို ထောင်ရွှေ့ပြောင်းမှုများပြုလုပ်နေခြင်းဖြစ်ကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာ နိုင်ငံရေးအကျဉ်းသားများကွန်ရက်မှ ဦးဆောင်ကော်မတီဝင် ကိုသိုက်ထွန်းဦးက ပြောသည်။
“ ထောင်ပြောင်းနဲ့ ရောက်လာတဲ့သူတွေ၊ ဖမ်းဆီးခံရပြီးတော့ အချုပ်သားဘ၀ကနေ ထောင်ထဲကို ရောက်လာတဲ့သူ တွေကို အဓိကထားပြီး ငွေကြေးကောက်ခံလာတာကို တွေ့ရပါတယ်။ အဲ့ဒီလို ကောက်ခံတဲ့နေရာမှာလည်း အကြောင်း ပြချက်ကောင်းအောင်လို့ ပုံစံကြေး ဘယ်လောက်ပေးရမယ်ဆိုပြီး ငွေကြေးကို မရရအောင် ကောက်ခံနေတာဖြစ်ပါ တယ်” ဟု ကိုသိုက်ထွန်းဦးက ပြောသည်။
ပုံစံကြေးဆိုသည်မှာ အကျဉ်းထောင်အတွင်း သတ်မှတ်ထားသည့် နေထိုင်မှု၊ စားသောက်မှု၊ ထောင်အရာရှိများနှင့်တွေ့သည့်အခါ ပြုမူမှုများကို အကျဉ်းသားများအား စနစ်တကျဖြစ်ရန် ထောင်အာဏာပိုင်များက သင်တန်းများပေးသည့်အခါ ရိုက်နှက်မှုများ မရှိစေရန်အတွက် ငွေကြေးပေးရခြင်းဖြစ်ပြီး ယခုနောက်ပိုင်းတွင် အဆိုပါ အချက်ဖြင့် ငွေရှာသည့်အပြင် ပုံစံပေးခြင်းများဖြင့် စနစ်တကျ ဖိနှိပ်မှုများ ပိုမိုပြုလုပ်လာကြောင်း ကိုသိုက်ထွန်းဦးက ဆက်လက် ရှင်းပြသည်။
လက်ရှိ ထောင်ပြောင်းရွှေ့ခံရသည့် နိုင်ငံရေးအကျဉ်းသားများကို ပုံစံကြေးများသာမက အိပ်ဆောင်မှူး ၊ ထောင်ပိုင် လေး၊ ထောင်မှူးကြီးများကိုလည်း ကွမ်းဖိုး၊ ဆေးဖိုးနှင့် အခန်းကုန်ကျစားရိတ်များကိုလည်း ထပ်မံပေးဆောင်နေရကြောင်း အကျဉ်းထောင်နှင့် နီးစပ်သူများထံမှ သိရသည်။
ထို့ပြင် ဧရာဝတီတိုင်း၊ မြောင်းမြအကျဉ်းထောင်တွင် ပုံစံကြေး ကျပ်ငါးသောင်း၊ ပဲခူးတိုင်း ဒိုက်ဦးအကျဉ်းထောင်တွင် ပုံစံကြေးကျပ်တစ်သိန်းအထိ ကောက်ခံနေပြီး အင်းစိန်ထောင်နှင့် သာယာဝတီထောင်များတွင် ငွေကြေးကောက်ခံနေမှုများသည် အနည်းဆုံး ကျပ်သုံးသောင်းမှ အများဆုံး ကျပ်ငါးသိန်းအထိ ရှိကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာနိုင်ငံရေးအကျဉ်းသားများကွန်ရက်၏ ထုတ်ပြန်ချက်များအရ သိရသည်။
” ပိုက်ဆံမပေးတော့ ရိုက်နှက်ခံရမှုတွေပါ ဖြစ်တယ်။ မျက်နှာတွေကို ရိုက်တာ မဟုတ်ဘဲနဲ့ နံကြားတွေ၊ ကျောတွေကို ရိုက်နှက်တာတွေ၊ ခြေထောက်နဲ့ ကန်တာတွေကိုပါ လုပ်တယ်။ ပုံစံပေးတဲ့အခါ မေးမြန်းလို့ အဆင်မပြေရင် သူတို့ (ထောင်အာဏာပိုင်များ)ရိုက်နှက်ရင်းနဲ့ လက်လွန်သွားတယ်ဆိုပြီး အကြောင်းပြချက်တွေ ပေးတာ ရှိတယ် ” ဟု ဒိုက်ဦးအကျဉ်းထောင်နှင့်နီးစပ်သူတစ်ဦးက ပြောသည်။
” ဒိုက်ဦးထောင်က ၂၀၂၃ခုနှစ်အတွင်းမှာ လူသေဆုံးမှုအထိ ဖြစ်ခဲ့တဲ့ထောင်ပါ၊ အမျိုးသမီးတွေအပေါ်မှာတောင်မှ လူမဆန်စွာရိုက်နှက်မှုတွေ ဖြစ်ခဲ့တာပါ၊ အမျိုးသမီးတွေအပေါ်မှာတောင် ဒီလိုရိုက်နှက်နေရင် အမျိုးသားတွေအပေါ်မှာဆို ရိုက်နှက်မှုက ပြောစရာကို မရှိလောက်အောင်ပါပဲ ” ဟု မြန်မာနိုင်ငံလုံးဆိုင်ရာ နိုင်ငံရေးအကျဉ်းသားများကွန်ရက်မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။
ပြီးခဲ့သည့် ၂၀၂၄ခုနှစ်၊ ဇွန်လ ၁၅ရက်က ကျိုက်မရော အကျဉ်းထောင်မှ နိုင်ငံရေးအကျဉ်းသူ ၄၀ ကျော်ကို ဒိုက်ဦးအကျဉ်းထောင်သို့ ပြောင်းရွှေ့မှုများ ပြုလုပ်ခဲ့ပြီး မူးယစ်ဆေးဝါးနှင့် တရားမဝင်ပစ္စည်းများ တွေ့ရှိသည်ဟုဆိုကာ ထောင်အာဏာပိုင်များက ရိုက်နှက်မှုများပြုလုပ်ခဲ့ကြောင်း နိုင်ငံရေးအကျဉ်းသူများအဖွဲ့က ထုတ်ပြန်ခဲ့သည်။
စစ်တပ် အာဏာသိမ်းယူခဲ့သည့် ၂၀၂၁ခုနှစ်၊ ဖေဖော်ဝါရီ တစ်ရက်မှ ၂၀၂၄ခုနှစ်၊ သြဂုတ် ၁၄ရက်အထိ ဖမ်းဆီးခံခဲ့ရသည့် နိုင်ငံရေးအကျဉ်းသား စုစုပေါင်း ၂၇၂၀၂ ဦးရှိပြီး ၎င်းတို့အနက် ၂၀၇၄၈ ဦးသည် ထိန်းသိမ်းခံနေရဆဲဖြစ်ကြောင်း နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP)၏ စာရင်းများအရ သိရသည်။