By Nway / MPA
မကွေးတိုင်း၊ ပခုက္ကူမြို့၊ လေယာဉ်ကွင်းအနီးရှိ စစ်ကောင်စီအထိုင်ချစခန်းမှ ထွက်လာသော စစ်သားများကို ကာကွယ်ရေးတပ်ဖွဲ့များက တိုက်ခိုက်ခဲ့ရာ သုံးဦးသေဆုံးခဲ့ကြောင်း သိရသည်။
ယနေ့ ( ဩဂုတ် ၁၅ရက် ) နံနက် ၁၀နာရီခွဲခန့်က ပခုက္ကူမြို့ လေယာဉ်ကွင်းအနီးတွင် အင်အား ၁၀၀ခန့်ဖြင့် အထိုင်ချထားသော စစ်ကောင်စီအထိုင်ချစခန်းမှ ထွက်လာသော စစ်သားများကို တိုက်ခိုက်ခဲ့ကြောင်း Southern YSO PDF ထံက သိရသည်။
“ သူတို့က ၁၀ယောက်လောက်နဲ့ စခန်းကနေ ထွက်လာကြတာ။ အဲဒါကို ကျတော်တို့က တိုက်ခိုက်ခဲ့တာပါ။ တိုက်ခိုက်မှုက ငါးမိနစ်လောက်ပဲ ကြာတယ်။ လက်နက်ကောက်ပြီး ချက်ချင်းပြန်ဆုတ်လာခဲ့တယ်” ဟု Southern YSO PDF တာဝန်ရှိသူ ကိုအောင်မောင်းက MPAသို့ ပြောသည်။
ယင်းတိုက်ခိုက်မှုတွင် G3 သေနတ်တစ်လက်နှင့် MA 11 တစ်လက် ရရှိခဲ့ကြောင်း Southern YSO PDF က ထုတ်ပြန်ထားသည်။
ယင်းတိုက်ခိုက်မှုအပြီးတွင် အဆိုပါစခန်းမှ လက်နက်ကြီးများဖြင့် အနီးပတ်ဝန်းကျင်ရှိ ကျေးရွာများသို့ ပစ်ခတ်ခဲ့သော်လည်း ပြည်သူများ ထိခိုက်မှုမရှိကြောင်း သိရသည်။
အဆိုပါ တိုက်ခိုက်မှုကို Southern YSO PDF၊ ဒေါင်းညီနောင်၊ Yesagyo Revolution Force (YRG) ၊ King Cobra ၊ ပြည်သူ့အားမာန် PDF ၊ ရင်း ၁၆ တပ်ခွဲသုံးတို့ ပူးပေါင်းဆင်နွှဲခဲ့ကြောင်း သိရသည်။
စစ်သားများ သေဆုံးမှုကို MPA အနေနှင့် သီးခြားအတည်မပြုနိုင်ပေ။