By Ra Wai / MPA
မကွေးတိုင်း၊ ရေစကြိုမြို့နယ်တွင် စစ်ကောင်စီစစ်ကြောင်းကို PDF တပ်ဖွဲ့များက ကြားဖြတ် တိုက်ခိုက်ခဲ့ရာ အများအပြား ဒဏ်ရာရရှိခဲ့ကြောင်းသိရသည်။
ဩဂုတ် ၁၄ရက်၊ ညနေ လေးနာရီဝန်းကျင်က ရေစကြိုမြို့နယ်၊ ဟင်္သာပျူစောထီးကျေးရွာမှ ထွက်လာသည့် အင်အား ၄၀ပါစစ်ကြောင်းကို ဟင်္သာပျူရွာနှင့် ကိုရင့်ရွာကြားတွင် အသင့်စောင့်ကြို တိုက်ခိုက်ခဲ့ရာ ထိတွေ့တိုက်ပွဲ နာရီဝက်ခန့်ဖြစ်ပွားခဲ့ပြီး စစ်သား အများအပြားဒဏ်ရာရရှိခဲ့ကြောင်း ရေစကြိုမြို့နယ်ပကဖက သတင်းထုတ်ပြန်သည်။
“ ကိုရင့်ရွာဘက်ကို ထွက်တာ။ ကိုယ့်ဘက်က အရင်မြင်ပြီး အရင်စတင်ပစ်ခတ်ခဲ့တာ။ ရဲဘော်တွေမြင်တာတော့ သုံးယောက်ကို ဆွဲခေါ်သွားတာတော့ တွေ့တယ်။ သေတာ၊မသေတာတော့ စစ်ကြောင်းနဲ့ ဆိုတော့ သတင်းအတိအကျမရသေးဘူး” ဟု ရေစကြိုမြို့နယ်ပကဖ၊ သတင်းပြန်ကြားတာဝန်ခံက MPA သို့ပြောသည်။
ယင်းတိုက်ခိုက်မှုပြီးနောက် တိုက်ပွဲဖြစ်ပွားရာ အနီးပတ်ဝန်းကျင်သို့ စစ်ကောင်စီတပ်က နာရီဝက်ခန့်ကြာ Mi 35 ဖြင့် လေကြောင်းတိုက်ခိုက်ခဲ့ကြောင်း သိရသည်။
“ တိုက်ပွဲဖြစ်ပြီးမှ လာ ပစ်သွားတာဗျ။ တိုက်ပွဲဖြစ်တဲ့ အနီးပတ်ဝန်းကျင်ကိုပဲ ပစ်သွားတာဗျ” ဟု ၎င်းက ဆက်လက်ပြောသည်။
ယင်းစစ်ကြောင်းသည် တိုက်ခိုက်ခံရပြီးနောက် ကိုရင့်ရွာထဲသို့ ဝင်ရောက်သွားပြီး ယနေ့ ( ဩဂုတ် ၁၅ရက်) နံနက်ပိုင်းတွင်လည်း PDF တပ်ဖွဲ့များနှင့် ထိတွေ့မှုအနည်းငယ်ဖြစ်ပွားခဲ့ကြောင်း သိရသည်။
ဩဂုတ် ၁၄ရက် ညနေပိုင်းတွင် ယင်းစစ်ကြောင်းက ပစ်ခတ်သည့် လက်နက်ကြီးကျည်ထိမှန်ကာ နွားထိန်းရွာမှ ပြည်သူတစ်ဦး မစိုးရိမ်ရဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။