By Ko Paing / MPA
လားရှိုးမြို့၊ အရှေ့မြောက်တိုင်းစစ်ဌာနချုပ် တိုက်ပွဲအတွင်း ဖမ်းဆီးမိခဲ့သည့် ဒဏ်ရာရစစ်သုံ့ပန်း ၂၉၆ဦးကို ဆေးဝါးကုသပေးပြီးနောက် MNDAA က ပြန်လွှတ်ပေးခဲ့ကြောင်းသိရသည်။
သြဂုတ် ၁၄ ရက်၊ နံနက်ပိုင်းတွင် ဒဏ်ရာရစစ်သုံ့ပန်း ၂၉၆ ဦးကို ပြန်လွှတ်ပေးခဲ့ပြီး မိုင်းရယ်အခြေစိုက် စစ်ကောင်စီတပ် ခလရ ၆၇ သို့ SSPP ကပို့ဆောင်ပေးခဲ့ကြောင်း ရှမ်းမြောက်စစ်ရေးသတင်းရင်းမြစ်ထံက သိရသည်။
“ဖမ်းမိတဲ့ စစ်သုံ့ပန်းတွေကို ခလရ ၆၇ ကိုပဲပို့တာ။SSPPကနေပဲ လာခေါ်တာပါ။ပိုက်ဆံ ငါးသောင်းကတော့ တပ်မိသားစုဝင်တွေကိုပဲပေးတာ၊ စစ်သားတွေကို မပေးဘူးလို့သိရပါတယ်။တွေ့တာတော့ လူအိုတွေများတယ်” ဟု ၎င်းက MPAသို့ ပြောသည်။
ယခု ဒဏ်ရာရစစ်သုံ့ပန်းများကို ပြန်လွှတ်ပေးခြင်းမှာ ဒုတိယအကြိမ်မြောက်ဖြစ်ပြီး စုစုပေါင်း စစ်သုံ့ပန်း ၃၄၁ ဦး ရှိပြီဖြစ်ကြောင်းသိရသည်။
MNDAA နှင့်ပူးပေါင်းတပ်ဖွဲ့တို့သည် အရှေ့မြောက်တိုင်းစစ်ဌာနချုပ်မှ ဖမ်းဆီးမိခဲ့သော တပ်မိသားစုဝင်များကိုလည်း နေ့စဥ်နီးပါးပြန်လွှတ်ပေးလျက်ရှိသည်။
ဩဂုတ်သုံး ရက်တွင် အရှေ့မြောက်တိုင်းစစ်ဌာနချုပ်နယ်မြေကို MNDAAနှင့် မဟာမိတ်တပ်တို့က တိုက်ခိုက်သိမ်းပိုက်ခဲ့ရာ လက်နက်ချ စစ်သားနှင့် တပ်မိသားစုဝင် ၂၀၀၀ကျော်ရှိကြောင်းသိရသည်။