By Ra Wai / MPA
စစ်ကိုင်းတိုင်း၊ ရေဦးမြို့အထွက်တွင် စစ်ကြောင်း ရှေ့ပြေးကင်းထွက်လာသည့် စစ်သားများကို PDF တို့က မိုင်းဆွဲတိုက်ခိုက်ခဲ့ကြောင်းသိရသည်။
ယနေ့ (ဩဂုတ် ၁၅ရက်) နံနက် လေးနာရီခွဲဝန်းကျင်က ရေဦးတိုင်းရင်းဆေးရုံနှင့် ဂါဝီပန်းခြံဂိတ်မှ ထွက်လာသော စစ်ကြောင်း၏ ရှေ့ပြေးကင်းကို မြို့တောင်ဘက်အထွက်တွင် မိုင်းပွိုင့် သုံးလုံးဖြင့် ဖောက်ခွဲတိုက်ခိုက်ခဲ့ကြောင်း ရေဦးမြို့နယ်ပကဖထံက သိရသည်။
“ ပထမ ရှေ့ဆုံးထွက်လာတဲ့အဖွဲ့။ ဆိုင်ကယ်နဲ့ထွက်လာတာ။ ပြီးတော့ ခြေလျင်ဆက်လျှောက်တဲ့ အချိန် မိုင်းဆွဲလိုက်တာ” ဟု ရေဦးမြို့နယ်ပကဖတာဝန်ခံက MPA သို့ပြောသည်။
ယင်းတိုက်ခိုက်မှုတွင် စစ်သားများ ထိခိုက်သေဆုံးမှုကို မသိရှိရသေးကြောင်းနှင့် မိုင်းဆွဲခံရပြီးနောက် စစ်ကောင်စီတပ်က လက်နက်ငယ်များဖြင့် ဘေးပတ်ဝန်းကျင်သို့ ပစ်ခတ်မှုရှိကြောင်း သိရသည်။
“ ကျနော်တို့ သတ်ကွင်းထဲဝင်လာလို့ဆွဲလိုက်တာ။ အဲ့နားက ကွင်းပြင်ကြီးဖြစ်နေလို့ အဝေးကြီးကနေ အဝေးထိန်း ဆွဲရတာ။ အထမ်းသုံးထမ်းတော့ ပါသွားတယ်လို့သိရတယ်” ဟု ၎င်းကပြောသည်။
ယင်းစစ်ကြောင်းသည် နံနက် ကိုးနာရီခွဲခန့်တွင် ကုန်းကြီးရွာနားသို့ ရောက်ရှိနေပြီး ကုန်းကြီးကျေးရွာ၊ ရွာမိသာ၊ နှောကုန်းနှင့် ကုန်းတန်းကျေးရွာမှ ပြည်သူ နှစ်သောင်းကျော် ဘေးလွတ်ရာထွက်ပြေးတိမ်းရှောင်နေရကြောင်း သိရသည်။