By Ra Wai / MPA
တရုတ်နိုင်ငံကို အိုးမဲသုတ် အပုပ်ချနေသည့် ပြောဆိုလုပ်ဆောင်မှုမှန်သမျှအား ဆန့်ကျင်ကြောင်း တရုတ်နိုင်ငံခြားရေးဝန်ကြီး ဝမ်ယိက အာဏာသိမ်းစစ်ခေါင်းဆောင် မင်းအောင်လှိုင်နှင့် တွေ့ဆုံစဉ် ပြောကြားခဲ့သည်။
ထို့အပြင် တရုတ်-မြန်မာ ဆက်ဆံရေးကို သွေးကွဲအောင် လုပ်ဆောင်နေမှုကိုလည်း ဆန့်ကျင် ကြောင်း ဩဂုတ်၁၄ရက်၊နေပြည်တော်တွင် မင်းအောင်လှိုင်နှင့် တွေ့ဆုံစဉ် တရုတ်နိုင်ငံခြားရေး ဝန်ကြီးက ပြောကြားခဲ့သည်ဟု တရုတ်အစိုးရပိုင် ဆင်ဟွာသတင်းဌာနက ဖော်ပြထားသည်။
“မကြာသေးမီက မင်းအောင်လှိုင်နဲ့ သူတို့လက်ဝေခံ မျိုးချစ်တွေ တရုတ်ဆန့်ကျင်ရေး ပြောဆို ဆန္ဒပြ တာကို တရားဝင် ကန့်ကွက်လိုက်တာပဲ။မင်းအောင်လှိုင်စွပ်စွဲခဲ့သလို ရှမ်းမြောက်တိုက်ပွဲတွေရဲ့ နောက်ကွယ်မှာ တရုတ်က ပံ့ပိုးနေတာမျိုး မရှိဘူးလို့လည်း ရည်ညွှန်းလိုက်တာလို့ နားလည်မိတယ်” ဟု ရန်ကုန်အခြေစိုက် နိုင်ငံရေးဆောင်းပါးရှင်တစ်ဦးက MPAသို့ ပြောသည်။
ဩဂုတ်ငါးရက်၊မင်းအောင်လှိုင်ပြောကြားသည့်မိန့်ခွန်းနှင့် ဩဂုတ်ခြောက်ရက်၊ရန်ကုန်နှင့် နေပြည် တော်၌ ပြုလုပ်သည့် တရုတ်ဆန့်ကျင်ရေးဆန္ဒပြပွဲတွင် လတ်တလောရှမ်းမြောက်ဒေသ၌ စစ် ကောင်စီတပ် အရှုံးပေါ်နေခြင်းမှာ တရုတ်လက်ချက်မကင်းကြောင်း စွပ်စွဲထားသည်။
တရုတ်နိုင်ငံသည် မြန်မာနိုင်ငံတွင် မတည်မငြိမ်ဖြစ်နေခြင်း၊ စစ်ဖြစ်ပွားနေခြင်းနှင့် မြန်မာ့ပြည်တွင်းရေးအပေါ် ပြည်ပအင်အားစု ဝင်ရောက် စွက်ဖက်ခြင်းကို ဆန့်ကျင်ကြောင်း ဝမ်ယိ က ပြောကြားသည်ဟု ဆင်ဟွာသတင်းက ဖော်ပြထားပြီး စစ်ကောင်စီထိန်းချုပ်သတင်းစာတို့၏ ဖော်ပြချက်တွင်မူ “ရှမ်းပြည်နယ်မြောက်ပိုင်းတွင် EAOအဖွဲ့များ၏ မြို့ရွာများအပေါ် တိုက်ခိုက်မှုဖြစ် စဉ်များနှင့်ပတ်သက်၍ တရုတ်နိုင်ငံအနေဖြင့် ဆန့်ကျင်ကြောင်း ဝမ်ယိက ပြောကြားခဲ့သည်ဟု ဖော် ပြထားသည်။
“မင်းအောင်လှိုင်တို့ ထုံးစံအတိုင်း သာသာထိုးထိုးလုပ်တဲ့အကွက်တွေလို့ ထင်ရတယ်” ဟု ၎င်းက ဆက်လက်ပြောသည်။
ပြည်တွင်းတည်ငြိမ်အေးချမ်းရေးနှင့် စီးပွားရေးဖွံ့ဖြိုးတိုးတက်ရေးကို မြန်မာနိုင်ငံက အားထားဆောင် ရွက် နေ ခြင်းအား အခိုင်အမာ ထောက်ခံသလို ဖွဲ့စည်းပုံအခြေခံဥပဒေမူဘောင်အောက်မှ ရှေ့လုပ် ငန်း စဉ် သစ် ငါးရပ်ကို တွန်းအားပေးဆောင်ရွက်နေခြင်းအား အခိုင်အမာ ထောက်ခံကြောင်း ၊ နိုင် ငံရေးအရ ရင်ကြားစေ့ရေး၊ ဒီမိုကရေစီအသွင်ကူးပြောင်းရေးလုပ်ငန်းစဉ် ပြန်လည်စတင်ရေးကို ဆောလျင်စွာ အကောင်အထည်ဖော်ဆောင်ကာ ရေရှည်တည်ငြိမ်အေးချမ်းသော လမ်းကို ရှာရမည်ဖြစ်ကြောင်း တရုတ်နိုင်ငံခြားရေးဝန်ကြီးက ပြောကြားခဲ့သည်ဟု ဆင်ဟွာသတင်းက ဖော်ပြသည်။
မြန်မာ-တရုတ် နှစ်နိုင်ငံတွေ့ဆုံဆွေးနွေးပွဲတွင် သက်ဆိုင်သူများအားလုံး ပါဝင်နိုင်သည့် ရွေးကောက်ပွဲဖြစ်စေရေး တရုတ်ဘက်က တိုက်တွန်းခဲ့ကြောင်း စစ်ကောင်စီထိန်းချုပ်သတင်းများ က ဖော်ပြသည်။