By Mandy / MPA
စစ်ကိုင်းတိုင်း၊ ကောလင်းမြို့နယ်ရှိ စစ်ကောင်စီလက်အောက်ခံ မန္တလေးတိုင်းဝန်ကြီးချုပ်ဟောင်း ဦးမောင်ကိုပိုင်သည့် ကျောက်ပုထိုး ရွှေသတ္ထုမိုင်းတွင်းကို စစ်ကောင်စီတပ်များ အင်အားဖြည့်တင်းမှုပြုလုပ်ထားကြောင်း ဒေသခံများထံမှ စုံစမ်းသိရှိရသည်။
၂၀၂၄ခုနှစ်၊ ဩဂုတ် ကိုးရက်တွင် စစ်ကောင်စီက ရဟတ်ယာဉ်နှစ်စင်းဖြင့် ကျောက်ပုထိုးရွှေသတ္ထုမိုင်းတွင်းကို အင်အားဖြည့်တင်းမှုပြုလုပ်ခဲ့ခြင်းဖြစ်သည်။
“အဲ့ဒီနေ့က ကန့်ဘလူ ၆၀၀၆ကနေ ရဟတ်ယာဉ် ၄စင်းတက်လာတာ၊ ၆၀၀၆ကနေ ဝန်းသိုကို ဆင်းတာ၊ နှစ်စင်းကတော့ ဝန်းသိုကနေ ကျောက်ပုထိုးရွှေတွင်းထဲကိုဆင်းတယ်” ဟု ဒေသခံအမျိုးသားတစ်ဦးက ပြောသည်။
၂၀၂၄၊ မတ်လတွင် ကျောက်ပုထိုးရွှေသတ္ထုမိုင်းတွင်း ပတ်ဝန်းကျင်၌ တိုက်ပွဲဖြစ်ပွားခဲ့သည်မှာ နောက်ဆုံး အကြိမ်ဖြစ်ပြီး လတ်တတော စစ်ရေးအခြေအနေ ငြိမ်သက်နေကြောင်း၊ အဆိုပါနေရာသို့ ရဟတ်ယာဉ် ဆင်းသက်မှုမရှိသည်မှာ လအတန်ကြာပြီဖြစ်သည်ဟု ၎င်းက ဆက်လက်ရှင်းပြသည်။
“မိုင်းတွင်းထဲမှာက အင်အားတော်တော်များများ ရှိပုံမပေါ်ပါဘူး။ အင်အားအတိအကျ ဘယ်လောက်ရှိလဲ မသိဘူး။ ထီးချိုင့်၊ မောင်းကုန်းက နီကယ်တွင်းကို PDF တွေက သိမ်းလိုက်ပြီဆိုတော့ အခု ရွှေတွင်းကိုလည်း ပါသွားမှာစိုးလို့ အင်အားဖြည့်တာနေမှာပေါ့” ဟု ကောလင်းမြို့ရှိ အသက် ၂၂ အရွယ် ကာကွယ်ရေးရဲဘော်တစ်ဦးက သုံးသပ်သည်။
ကျောက်ပုထိုး ရွှေသတ္ထုမိုင်းတွင်းကို မန္တလေးဝန်ကြီးချုပ်ဟောင်း ဦးမောင်ကို ပိုင်ဆိုင်သည့် ထာ၀ရကုမ္ပဏီနှင့် အစိုးရ အကျိုးတူပူးပေါင်းတူဖော်နေသော မိုင်းတွင်းဖြစ်ခုဖြစ်ကာ၊ စစ်တပ်အာဏာသိမ်းပြီးသည့်အချိန်မှ စတင်၍ စစ်သားများဖြင့် လုံခြုံရေး ရယူထားခြင်းဖြစ်ကြောင်း ဒေသခံများက ဆိုသည်။
“အာဏာသိမ်းပြီးကတည်းက မိုင်းထဲကအကြောင်းတွေတော့ သိပ်မသိတော့ဘူးလေ၊ အရင်ကတော့ တစ်ရက်ကို မသန့်စင်ရသေးတဲ့ရွှေ ၇ပိဿာရတယ် ပြောကြတာပဲ။ ဒီအာဏာသိမ်းပြီးတော့ ရဟတ်ယာဉ်နဲ့ ခေါက်တုံ့ခေါက်ပြန် သယ်ကြတာ တွေ့ဖူးတယ်” ဟု အသက် ၅၀ကျော်အရွယ်ရှိ ဒေသခံအမျိုးသားတစ်ဦးက ဆိုသည်။
ကျောက်ပုထိုးရွှေတွင်းသည် မြန်မာနိုင်ငံတွင် ပထမဆုံးသော Open Pit (မြေပေါ်မိုင်း) ဖြစ်ပြီး ၁၉၈၂ ခုနှစ်မှစတင်ကာ ရွှေတူးဖော်သည့် လုပ်ငန်းကို စတင်ခဲ့ပြီး ၁၉၈၂မှ ၁၉၈၇ ခုနှစ်အတွင်း အမှတ် (၂) သတ္ထုတွင်းလုပ်ငန်းမှ တာဝန်ယူလုပ်ကိုင်ခဲ့ကာ၊ ၁၉၈၇ ခုနှစ်တွင် အစိုးရက ယူဂိုဆလားဗီးယားနိုင်ငံမှ အတိုးမဲ့ချေးငွေ အမေရိကန်ဒေါ်လာ သန်း ၅၀၊ မြန်မာငွေကျပ် သန်း ၂၉၀ ရင်းနှီးမြုပ်နှံခဲ့သည့် ရွှေလုပ်ကွက်တစ်ခုဖြစ်သည်။
၂၀၀၇ ခုနှစ် စစ်အစိုးရ၏ စီးပွါးရေးမူဝါဒအရ နိုင်ငံတော်ပိုင် စီမံကိန်းများအား နိုင်ငံတော်၏ ကုန်ကျစရိတ်မရှိပဲ သတ္ထုထုတ်ကုန် တိုးတက်ရရှိစေရေးနှင့် နိုင်ငံတော်၏ သတ္ထုကဏ္ဍဖွံ့ဖြိုးတိုးတက်စေရေးနှင့် ပုဂ္ဂလိက စီးပွါးရေးကဏ္ဍဖွံ့ဖြိုးတိုးတက်စေရေး ရည်ရွယ်ချက်ဖြင့် ပုဂ္ဂလိကသို့ လွှဲပြောင်းပေးခဲ့ရာ စစ်ကောင်စီလက်အောက်ခံ ဦးမောင်ကိုပိုင်သော ထာဝရကုမ္ပဏီက ၂၀၀၇ ခုနှစ်၊ ဩဂုတ် တစ်ရက်မှ ၂၀၁၇ ခုနှစ် ဇူလိုင် ၃၁ရက်ထိ ၁၀နှစ်စာချုပ်ဖြင့် လုပ်ကိုင်ခွင့်ရရှိခဲ့သည်။
ထို့နောက် ၂၀၁၆ ခုနှစ်တွင် ထပ်တိုးခွင့်ပြုမိန့်အရ ၂၀၃၁ ခုနှစ်ထိ ကျောက်ပုထိုးရွှေတွင်းလုပ်ပိုင်ခွင့်ကို ဦးမောင်ကိုပိုင်သည့် ထာ၀ရကုမ္ပဏီက လုပ်ကိုင်ခွင့်ရရှိထားသည်ဟု အမျိုးသားညီညွတ်ရေးအစိုးရ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန၏ စစ်အုပ်ချုပ်ရေးကာလများအတွင်း မြန်မာ့သဘာဝသယံဇာတများ ပျက်စီးဆုံးရှုံးမှုအား လေ့လာခြင်း စာတမ်း အရသိရသည်။
ကျောက်ပုထိုးရွှေသတ္ထုမိုင်းသည် ၁၄၉၂ ဧကကျယ်ဝန်းသော အကြီးစားရွှေတူးဖော်ထုတ်လုပ်ရေးလုပ်ငန်းခွင်ဖြစ်ကာ၊ အမျိုးသားညီညွတ်ရေးအစိုးရ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန၏ စစ်အုပ်ချုပ်ရေးကာလများအတွင်း မြန်မာ့သဘာဝသယံဇာတများ ပျက်စီးဆုံးရှုံးမှုအား လေ့လာခြင်း စာတမ်း အရ ထာဝရကုမ္ပဏီမှ နိုင်ငံတော်သို့ ရွှေ ၁၃၄ ပိဿာပေးရန် ကျန်ရှိနေသည်ဟု ဖော်ပြထားသည်။
လက်ရှိတွင် ကျောက်ပုထိုးရွှေသတ္ထုမိုင်းတွင်အား စစ်ကောင်စီတပ်သားများ အထိုင်ချတပ်စွဲလျက်ရှိပြီး ဩဂုတ် ကိုးရက်က ရဟတ်ယာဉ်နှစ်စင်းဖြင့် အင်အားဖြည့်တင်းသည်မှအပ စစ်ရေးလှုပ်ရှားမှု မရှိသေးကြောင်း ဒေသခံများကဆိုသည်။
ပြီးခဲ့သည့် ဩဂုတ် ခြောက်ရက်တွင် MDY-PDF နှင့် ပူးပေါင်းတပ်ဖွဲ့က မန္တလေးတိုင်း၊ ပုသိမ်းကြီးမြို့နယ်ရှိ မန္တလေးတိုင်းဝန်ကြီးချုပ်ဟောင်း ဦးမောင်ကို ပိုင်သော ဧက ၅၀၀၀ကျော်ရှိ ဖယောင်းတောင် ရွှေတွင်းနှင့် သပိတ်ကျင်းမြို့နယ်ရှိ ရွှေတောဒေသများကို သိမ်းပိုက်ရရှိထားသည်။