By Ra Wai / MPA
နိုင်ငံတစ်ဝန်း အရေးပေါ်အခြေအနေ ကြေညာထားသည့်ကာလကို နောက်ထပ်ခြောက်လ သက်တမ်းတိုးပြီး နှစ်ပတ်အတွင်း အခေါက်ရွှေဈေး ကျပ်၁၅သိန်း မြင့်တက်သွားကြောင်း သိရသည်။
အရေးပေါ်ကာလကို နောက်ထပ်ခြောက်လသက်တမ်းတိုးကြောင်း ဆုံးဖြတ်ခဲ့သည့် ဇူလိုင်၃၁ရက်နှင့် ဩဂုတ်တစ်ရက်တို့တွင် အခေါက်ရွှေတစ်ကျပ်သားဈေး ၆၈သိန်းဝန်းကျင်ရှိခဲ့ပြီး ယနေ့ (ဩဂုတ်၁၄ ရက်) တွင် အခေါက်ရွှေ တစ်ကျပ်သားဈေး ၈၃သိန်းဝန်းကျင်ရှိကြောင်း ရန်ကုန်ရွှေဈေးကွက်အတွင်း မှသိရသည်။
“နှစ်ပတ်အတွင်း ၁၅သိန်း ဈေးတက်သွားတယ်ဆိုတာ မြန်မာ့ရွှေသမိုင်းမှာ ဒါ ပထမဆုံးအကြိမ်ပါပဲ။ ဒီနေ့ပေါက်ဈေးက ၈၃သိန်းလို့သာပြောတာ။၈၄သိန်းကျော်အထိ ဈေးခေါ်တာတွေလည်း ရှိတယ်။ ဒေါ်လာဈေးကလည်း အခုတလော ဝုန်းဒိုင်းကြဲပဲလေ။ အခုရွှေဈေးကွက် က မှောင်ခိုဈေးကွက်လို ဖြစ်နေတော့ အရင်လို ပေါက်ဈေးက တစ်မျိုးတည်းတော့မဟုတ်ဘူး။၈၃ ပတ်လည်ပေါ့။ အရောင်းအ ဝယ်တော့ မရှိသလောက်ပဲ” ဟု ရန်ကုန်ရွှေဈေးကွက်အတွင်းရှိ ရွှေပွဲစား တစ်ဦးကMPA သို့ပြော သည်။
ရွှေဈေးနှုန်းမှာ ဆက်တိုက်အတက်ပြနေသော်လည်း ကျပ်ငွေအပေါ် ပြည်သူတို့က အယုံအကြည်မရှိ တော့ သဖြင့် ပြန်ရောင်းသူ အလွန်နည်းကြောင်း သိရသည်။
“နိုင်ငံရေးက လုံးဝမကောင်းဘူးလေ။စီးပွားရေးကပျက်၊ဒေါ်လာဈေးကလည်း ဖြစ်ချင်တိုင်းဖြစ်နေ တော့ ကျတော့်စိတ်ထင် ပြင်ဦးလွင်ကို တော်လှန်ရေးသမားတွေ သိမ်းလိုက်တဲ့အချိန်ဆို ရွှေဈေးက သိန်း၁၀၀ နားကပ်သွားနိုင်တယ်” ဟု ၎င်းက ဆက်လက်ပြောသည်။
NLD အစိုးရလက်ထက် အခေါက်ရွှေတစ်ကျပ်သားဈေးမှာ ၁၃သိန်းသာ ရှိခဲ့သဖြင့် မအောင်မြင်သော အာဏာသိမ်းကာလ သုံးနှစ်ခွဲကျော်အတွင်း ရွှေဈေးခြောက်ဆကျော် မြင့်တက်သွားခဲ့သည်။
“အခု ကန်စွန်းရွက်တစ်စည်း ၁၀၀၀ ဖြစ်သွားပြီ။ကျန်တာတွေ ပြောမနေနဲ့တော့” ဟု ရန်ကုန်မြို့၊လှိုင် မြို့နယ်၊နှစ်ရပ်ကွက်နေ အိမ်ရှင်မတစ်ဦးကပြောသည်။
မေလကုန်ပိုင်းတွင် အကယ်ဒမီအခေါက်ရွှေဈေး ကျပ်၅၉သိန်းအထိ ဈေးတက်သွားပြီးနောက် ရွှေဈေးနှုန်းမတည်မငြိမ်ဖြစ်အောင် ဈေးကစားနေသည်ဆိုသော စွပ်စွဲချက်ဖြင့် ရွှေလုပ်ငန်းရှင်နှင့် ပွဲစား ၂၁ဦးကို ဖမ်းဆီးကာ ရွှေလုပ်ငန်းရှင်နှင့်ပွဲစား စုစုပေါင်း၁၀ဦးအား ဖမ်းဝရမ်းထုတ်ထား ခဲ့ သည်။
စစ်ကောင်စီလက်အောက်ခံ ရန်ကုန်တိုင်းဒေသကြီး ရွှေလုပ်ငန်းရှင်များအသင်း YGEA ၏ ဩဂုတ် ၁၄ရက်၊ညနေပိုင်း အခေါက်ရွှေ အပိတ်ဈေးမှာ ၄၈၀၀၄၇၉ကျပ်ဖြစ်ပြီး မည်သူကမှ YGEA သတ်မှတ် ဈေးအတိုင်း အရောင်းအဝယ်မလုပ်ကြပေ။