By Poe Sagle / MPA
တိုက်ပွဲဖြစ်ပွားခြင်းမရှိသည့် ရှမ်းပြည်နယ်မြောက်ပိုင်းမြို့များသို့ စစ်ကောင်စီက လေကြောင်းအသုံးပြုပြီး ဗုံးကြဲတိုက်ခိုက်ခဲ့ခြင်းကြောင့် သေဆုံးသူ ၁၇ ဦးထိရှိကာ၊ ထိခိုက်ဒဏ်ရာရရှိသူ ၃၅ဦးရှိကြောင်း စာရင်းများအရ သိရသည်။
စစ်ကောင်စီ ဗုံးကြဲတိုက်ခိုက်ခဲ့သည့်မြို့များသည် TNLA နှင့် MNDAA တို့ထိန်းချုပ်ထားသည့် သိန္နီ၊ လောက်ကိုင်၊ ကွတ်ခိုင်နှင့် နမ့်ဆန်မြို့တို့ဖြစ်ကာ အထက်ပါ သေဆုံးမှုနှင့် ထိခိုက်ဒဏ်ရာရရှိမှုသည် ဇူလိုင်လ ၁၄ ရက်မှ ဩဂုတ် ၁၂ရက်ထိ ကောက်ယူရရှိထားသည့် အချက်အလက်များဖြစ်သည်။
ပြီးခဲ့သည့် ဩဂုတ် ၁၂ရက်၊ ည ၁၂နာရီတွင် TNLA ထိန်းချုပ်ထားသည့် နမ့်ဆန်မြို့သို့ စစ်ကောင်စီက လေကြောင်းဖြင့် ဗုံးကြဲတိုက်ခိုက်မှုပြုလုပ်ခဲ့ခြင်းကြောင့် လျှပ်စစ်ရုံး၊ တရားရုံး၊ မိုးဂဲရပ်ကွပ်၊ မြို့လယ်ရပ်ကွက်တို့၌ ကျရောက်ပေါက်ကွဲမှုကြောင့် အမျိုးသားတစ်ဦး သေဆုံးကာ အမျိုးသမီး တစ်ဦး ဒဏ်ရာရှိခဲ့သည်။
“လေယာဉ်နဲ့ တစ်ပတ်နှစ်ပတ်လောက်ပတ်ပြီး ကင်းထောက်တယ်။ အဲ့ဒီမှာ ပစ်မယ်လို့ မထင်ဘူးလေ၊ မကြာဘူး။ ဗုံးပေါက်ကွဲအသံ တစ်လုံးကြားလိုက်တယ်။ အရမ်းလန့်သွားတယ်။ ဘာလုပ်ဘာကိုင်ရမှန်း မသိတော့ဘူး။ အဲဒါနဲ့ အိမ်ကသူတွေကိုနှိုးပြီး ရွာဘက်ဆင်းသွားဖို့ ပြင်လိုက်တယ်။ နေလို့ မရတော့ဘူး။ တခြားသူတွေလည်း ရွာဘက်ထွက်ပြေးသွားကြပြီ၊ ဖုန်းလိုင်းလည်း မရှိဘူးလေ၊ အခုမှလိုင်းသုံးလို့ရတဲ့ နေရာရောက်တာ” ဟု နမ့်ဆန်မြို့ခံ အမျိုးသားတစ်ဦးက ပြောသည်။
ထို့ပြင် ဩဂုတ် ငါးရက်တွင်လည်း TNLA ထိန်းချုပ်ထားသည့် ကွတ်ခိုင်မြို့ကို စစ်ကောင်စီက လေကြောင်းအသုံးပြုကာ ပေါင် ၅၀၀ ဖြင့် တိုက်ခိုက်ခဲ့မှုကြောင့် ငါးရပ်ကွက်ရှိ မြို့မစျေး ဆိုင်ခန်း ၄၀၀ခန့်မီးလောင်ပျက်စီးခဲ့ပြီး အရပ်သား ၆ဦး သေဆုံးကာ၊ ၁၂ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့သည်။
ထိုကဲ့သို့ ကွတ်ခိုင်မြို့ ဗုံးကြဲတိုက်ခိုက်ခံရမှုကြောင့် ငါးရပ်ကွက်မှ ဒေသခံအချို့သည် နမ့်ဖတ်ကာ၊ မိုင်းယုတ်လေး၊ မြို့ပြင်း ဒေသများသို့ ရွှေ့ပြောင်းနေထိုင်လျက်ရှိသည်။ ယင်းအပြင် ဗုံးကြဲတိုက်ခိုက်ခံရပြီးနောက် ကုန်စျေးနှုန်းအဆမတန် မြင့်တက်ခဲ့ကာ ဓာတ်ဆီတစ်လီတာလျင် ကျပ်တစ်သောင်းခွဲအထိမြင့်တက်ခဲ့ကြောင်း ဒေသခံများက ဆိုသည်။
“ တိမ်းရှောင်တဲ့ အချို့ကတော့ ဒီနေ့ထိ ပြန်မလာကြသေးဘူး။ လူအသွားအလာတော့ရှိတယ်။ မနက်စျေးလည်းဖွင့်တယ်။ ခဏလောက်ပေါ့၊ ဒေသခံတွေ ဝယ်ယူစားသောက်နိုင်ဖို့ ဖွင့်တာ၊ မြို့မစျေးတော့ မဟုတ်ဘူး။ ပန်းခြံဘက်မှာ ဖွင့်ထားတာ၊ အခြေနေက ဘယ်လိုလာအုန်းမလဲ မသိတော့ ရှောင်တဲ့သူတွေကလည်း ပြန်မလာရဲသေးဘူး” ဟု ကွတ်ခိုင်မြို့ခံ အမျိုးသားတစ်ဦးက ပြောသည်။
ယင်းအပြင် ဇူလိုင် ၁၁ရက်မှ ၁၈ရက်ထိ MNDAA ထိန်းချုပ်ထားသည့် သိန္နီမြို့သို့ စစ်ကောင်စီက လေကြောင်းတိုက် ခိုက်မှု လေးကြိမ်ပြုလုပ်ခဲ့မှုကြောင့် အရပ်သား ရှစ်ဦးသေဆုံးပြီး ၂၀ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကာ နေအိမ် ၃၀ ကျော်ပျက်စီးခဲ့သည်။
ဆက်လက်ပြီး ဇူလိုင် ၁၄ရက်မှ ဩဂုတ် တစ်ရက်အတွင်း လောင်ကိုင်မြို့ကို စစ်ကောင်စီက လေကြောင်းတိုက်ခိုက်မှုမကြာခဏ ပြုလုပ်ခဲ့ခြင်းကြောင့် အရပ်သား နှစ်ဦးသေဆုံးကာ နှစ်ဦးဒဏ်ရာရရှိခဲ့ပြီး ကား ကိုးစီး၊ ဟိုတယ်နှင့် နေအိမ် များ ပျက်စီးခဲ့သေးသည်။
အလားတူ နမ့်ခမ်းမြို့တွင်လည်း စစ်ကောင်စီ ကင်းထောက်လေယာဉ်ဖြင့် နေ့စဉ် ထောက်လှမ်းမှုများပြုလုပ်နေသဖြင့် ဒေသခံများစိုးရိမ်မှုများရှိနေကာ နမ့်ခမ်းမြို့မစျေးကိုလည်း မနက် ၁၁နာရီအထိသာ ဖွင့်လှစ်ကြောင်း ဒေသခံများထံက သိရသည်။
တိုက်ပွဲဖြစ်ပွားခြင်းမရှိသည့် ရှမ်းပြည်နယ်မြောက်ပိုင်းမြို့များကို စစ်ကောင်စီက လေကြောင်း တိုက်ခိုက်မှု အခြေအနေနှင့်ပတ်သက်ပြီး မြောက်ပိုင်းမဟာမိတ်ညီနောင်သုံးဖွဲ့ဖြစ်သည့် TNLA နှင့် MNDAA တို့ထံ ဖုန်းဖြင့် ဆက်သွယ်မေးမြန်းခဲ့လည်း ပြန်လည်ဖြေကြားမှုမရှိပေ။
ယမန်နှင့် ၁၀၂၇ စစ်ဆင်ရေးပထမလှိုင်း၌ မြောက်ပိုင်းမဟာမိတ်သုံးဖွဲ့သည် သိန္နီ၊ လောက်ကိုင်၊ ချင်းရွှေဟော်၊ ကွမ်းလုံ၊ ကွတ်ခိုင်၊ ကြူကုတ်၊ ပန်ဆိုင်း၊ မန်တုံ၊ နမ္မတူ၊ နမ့်ဆန်၊ မိုင်းလုံ၊ မိုင်းငေါ့၊ မုံးကိုး၊ နမ့်ခမ်း၊ ဖောင်းဆိုင်နှင့် ကုန်းကြမ်း စုစုပေါင်း မြို့ ၁၆ မြို့ကို တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့သည်။
ထိုကဲ့သို့ သိမ်းပိုက်ပြီးနောက် တရုတ်၏ ဝင်ရောက်ညှိနှိုင်းမှုဖြင့် အပစ်ရပ်စဲခဲ့သော်လည်း စစ်ကောင်စီက မြောက်ပိုင်းမဟာမိတ်ညီနောင်သုံးဖွဲ့ သိမ်းပိုက်ထားသည့် မြို့များသို့ လေကြောင်းအသုံးပြုတိုက်ခိုက်ခြင်းများရှိခဲသည့်အတွက် ဇွန်လတွင် ၁၀၂၇ စစ်ဆင်ရေး ဒုတိယလှိုင်း အဖြစ် တိုက်ပွဲများပြန်လည် စတင်ခဲ့သည်။