မြန်မာစစ်တပ်က စစ်ရာဇဝတ်မှုများနှင့် လူသားမျိုးနွယ်အပေါ်ကျူးလွန်သော ရာဇဝတ်မှုများကို ထိတ်လန့်စရာနှုန်းမျိုးဖြင့် ပိုမိုကျူးလွန်လာကြောင်း ကုလသမဂ္ဂ စုံစမ်းစစ်ရေးအဖွဲ့က ပြောကြားသည်။
စစ်တပ်လက်ထက်တွင် စနစ်တကျနှိပ်စက်မှုများ၊ အုပ်စုဖွဲ့ အဓမ္မပြုကျင့်မှုများနှင့် ကလေးသူငယ်များအပေါ် ဥပဒေချိုးဖောက်မှု ပိုမိုများပြားလာကြောင်း ကုလသမဂ္ဂအဖွဲ့က သြဂုတ် ၁၃ ရက် အစီရင်ခံစာတွင် ဖော်ပြထားသည်။
ပဋိပက္ခ အရှိန်မြင့်တက်လာစဉ် ပြီးခဲ့သည့် ခြောက်လအတွင်း အိုးအိမ်စွန့်ခွာထွက်ပြေးရသူ သုံးသန်းကျော်ရှိကြောင်း စုံစမ်းစစ်ဆေးသူများက ပြောကြားသည်။
“မြန်မာနိုင်ငံတစ်ဝှမ်း ရက်စက်မှုတွေနဲ့ လူမဆန်တဲ့ လုပ်ရပ်တွေရဲ့ ကြောက်စရာအတိုင်းအတာတွေကိုဖော်ပြနေတဲ့ လုံလောက်တဲ့အထောက်အထားတွေ ကျွန်တော်တို့ စုဆောင်းထားပါတယ်” ဟု ကုလသမဂ္ဂ၏ မြန်မာနိုင်ငံဆိုင်ရာ လွတ်လပ်သော စုံစမ်းစစ်ဆေးရေးယန္တရား (IIMM) အဖွဲ့အကြီးအကဲ နီကိုလက်စ်က ဆိုသည်။
၂၀၂၃ ခုနှစ်၊ ဇူလိုင်လ ၁ ရက်မှစ၍ ၂၀၂၄ ခုနှစ်၊ ဇွန်လ ၃၀ ရက် အထိ စုံစမ်းစစ်ဆေးမှုရလဒ်များကို ဖော်ပြထားသော အစီရင်ခံစာတွင် IIMM က မြန်မာနိုင်ငံအတွင်းရှိ ပဋိပက္ခသည်များစွာသည် အရှိန်မြင့်တက်လာနေပြီး နိုင်ငံတဝန်းကျူးလွန်သော ရက်စက်သည့်ရာဇဝတ်မှုများ အကြိမ်ရေပိုများလာနေကြောင်း ဖော်ပြထားသည်။
စစ်ရေးပစ်မှတ်များမဟုတ်သည့် စာသင်ကျောင်းများ၊ သာသနိက အဆောက်အဦးများနှင့် ဆေးရုံများအပေါ် လေကြောင်းတိုက်ခိုက်မှုများမှစ၍ ခေါင်းဖြတ်သတ်ခြင်း၊ ကိုယ်လက်အင်္ဂါများကို ဖြတ်တောက်သတ်ဖြတ်ထားသည့် အလောင်များအား အများပြည်သူ မြင်သာအောင်ဖော်ပြထားသော ဖြစ်ရပ်များအထိ ကုလသမဂ္ဂက စုံစမ်းစစ်ဆေးထားခြင်းဖြစ်ကြောင်း သိရသည်။
စစ်ကောင်စီက ၎င်းအားဆန့်ကျင်သူများကို မတရားဖမ်းဆီးထောင်ချထားမှုများကိုလည်း စုံစမ်းစစ်ဆေးခဲ့ကြောင်း သိရသည်။
ရှော့ခ်တိုက်ခြင်း၊ ဖမ်းဆီးထားသူများ၏ လက်သည်းခွံများအား ပလာယာဖြင့် ဆွဲချွတ်ခြင်း ၊ဓာတ်ဆီလောင်းပြီး အရှင်လတ်လတ် မီးရှို့သတ်ဖြတ်ခြင်းများကဲ့သို့ ညှင်းပမ်းနှိပ်စက်မှုများရှိကြောင်းလည်း အစီရင်ခံစာ၌ ဖော်ပြထားသည်။
အဓမ္မပြုကျင့်မှုအပါအဝင် ကလေးသူငယ်များနှင့် ကျား၊မအားလုံး ရာဇဝတ်မှုကျူးလွန်ခံနေရကြောင်း ကုလသမဂ္ဂ အစီရင်ခံစာတွင် ဖော်ပြထားသည်။
ယခုကဲ့သို့ ရာဇဝတ်မှုများ ကျူးလွန်နေသည့် တာဝန်အရှိဆုံးပုဂိုလ်များကို အရေးယူနိုင်ရန် အမှုတည် ဆောက်နေပြီဖြစ်ကြောင်း IIMM အဖွဲ့ အကြီးအကဲ နီကိုလက်စ်က ပြောကြားသည်။
ရာဇဝတ်မှုများအတွက် မည်သူတစ်ဦးတစ်ယောက်မှ အရေးယူမခံရသောကြောင့် ကျူးလွန်နေသူများက ပိုမိုရဲတင်းလာနေပြီး မြန်မာနိုင်ငံတွင် ပြစ်ဒဏ်ကင်းလွတ်မှု ပိုများလာနေသော အခြေအနေကို မိမိတို့ ချိုးဖျက်ပစ်မည်ဟုလည်း ၎င်းကပြောကြားသည်။