By Hlaing / MPA
မန္တလေးတိုင်း၊ မြင်းခြံခရိုင်မှ ထောင်မှူးအပါအဝင် အနီးအနား မြို့နယ်ရဲစခန်းများမှ အရာရှိများနှင့် ဝန်ထမ်းများ နေရာပြောင်းရွေ့နေကြကြောင်း ဒေသခံများထံမှ စုံစမ်းသိရှိရသည်။
၂၀၂၄ ခုနှစ်၊ သြဂုတ် ၁၀ ရက်၊ နံနက် ၅ နာရီခန့်မှစ၍ မြင်းခြံခရိုင် အထူးစစ်ဆင်ရေး – Myingyan District Special Operation (MDSO) အဖြစ် နွားထိုးကြီး၊ မြင်းခြံနှင့် တောင်သာမြို့နယ်ရှိ ဝဲလောင်တိုက်နယ်တို့၌ စစ်ကောင်စီတပ်နှင့် ဒေသခံတော်လှန်ရေးတပ်ဖွဲ့ကြား တိုက်ပွဲများ ပြင်းထန်စွာ ဖြစ်ပွားပြီးနောက်၊ စစ်ကောင်စီလက်အောက်ခံ အရာရှိများယခုကဲ့သို့ နေရာပြောင်းရွှေ့နေကြခြင်း ဖြစ်သည်။
“ မြင်းခြံမြို့ပေါ်က ရဲစခန်းထဲမှာ စခန်းမှူးအဆင့်တစ်ယောက်တော့ နေရာပြောင်းနေပြီလို့ ကြားတယ်။ သူ့အောက်က အရာရှိတချို့လည်း ရွှေ့နေကြတာ တွေ့တဲ့သူတွေ့တယ်။ ထောင်မှူးကလည်း မြင်းခြံမြို့ထဲသာ PDF တွေ ဝင်လာရင် လက်နက်ချမယ်လို့ ပြောနေကြတယ်။ မြို့ပေါ်မှာ အခုထိကတော့ ငြိမ်နေပါတယ်” ဟု စစ်ကောင်စီလက်အောက်ခံ ရဲတပ်ဖွဲ့နှင့် နီးစပ်သူတစ်ဦးက MPA သို့ ပြောသည်။
ပြီးခဲ့သည့် ဩဂုတ် ၁၀ရက်က နွားထိုးကြီးမြို့ကို တော်လှန်ရေးတပ်များက သိမ်းပိုက်နိုင်ခဲ့သော်လည်း စစ်ကောင်စီက တန်ပြန်ထိုးစစ်ပြုလုပ်ခဲ့သည့်အတွက် တော်လှန်ရေးတပ်များ ပြန်လည်ဆုတ်ခွာခဲ့ကြောင်း ဒေသခံများက ဆိုသည်။
“ နွားထိုးကြီးမှာ PDF ဘက်က ဆုတ်လိုက်တော့ တစ်မြို့လုံးကို စစ်တပ်က ပြန်နေရာယူထားပြီ၊ ရဲစခန်းမှာလည်း နေရာယူထားကြတယ်။ နွားထိုးကြီးက နေရာတိုင်းမှာ စစ်သားတွေချည်းပဲ” ဟု မြေပြင်အခြေအနေသိရှိသူ အသက် ၃၅ နှစ်အရွယ် အမျိုးသားတစ်ဦးက ပြောသည်။
ထို့ပြင် မြင်းခြံမြို့ တောင်ဘက်ရှိ တောင်သာမြို့၊ ရုံးစည်ကြီးကျေးရွာနှင့် မလှိုင်မြို့နယ်တို့ရှိ ရဲစခန်းများမှ ရဲအရာရှိများလည်း နေရာပြောင်းရွေ့နေကြကြောင်း သိရသည်။
“ တောင်သာမှာက ရဲတွေတင်မဟုတ်ဘူးဗျ၊ ကျန်တဲ့ ထွေအုပ်လိုဌာနက အရာရှိဝန်ထမ်းတွေလည်း နေရာပြောင်းနေကြတာ။ တိုက်ပွဲမလာနိုင်ဘူးထင်တဲ့ မိထ္တီလာတို့၊ ကျောက်ပန်းတောင်းတို့ဘက်ကို ပြောင်းကြတာ၊ အရင်ခေတ်က ဝန်ကြီးအောင်သောင်းနယ်မြေဆိုပေမယ့် အာဏာသိမ်းတာကို ပြည်သူက လက်မခံဘူးလေ” ဟု တောင်သာမြို့နယ်တွင် နေထိုင်သူ အသက် ၃၀ အရွယ် အမျိုးသားတစ်ဦးက ဆိုသည်။
၂၀၂၄ ခုနှစ်၊ သြဂုတ် ၁၂ ရက်တွင် တောင်သာမြို့နယ်ရှိ အမှတ် ၁၀ အထည်ချုပ်စက်ရုံ (စွပ်ကျယ်စက်ရုံ) နှင့် တောင်သာ – မိထ္တီလာလမ်းပိုင်းရှိ တရုတ်ဓာတ်ငွေ့ပိုက်လိုင်းစက်ရုံရှိ စစ်ကောင်စီတပ်ဖွဲ့ဝင်များ တိုက်ခိုက်ခံရပြီးနောက်၊ တောင်သာမြို့အဝင်၊ အထွက်တို့တွင် စစ်ဆေးမှုတင်းကျပ်ထားကာ မြို့တွင်းရှိ အထပ်မြင့်အဆောက်အဦများပေါ်တွင်လည်း စစ်ကောင်စီတပ်သားများ နေရာယူထားကြကြောင်း သိရသည်။
ထို့အတူ တောင်သာ – မိထ္တီလာကားလမ်းပိုင်း၊ တောင်သာမြို့နယ်၏ တောင်ဘက်ရှိ ရုံးစည်ကြီးကျေးရွာရဲစခန်းတွင်လည်း စစ်ကောင်စီတပ်သားများဖြင့် လုံခြုံရေးတိုးမြှင့်ချထားသည်။
“ မနေ့ည(သြဂုတ် ၁၃ ရက်) ၁၀ နာရီလောက်မှာ ရုံးစည်ကြီးရွာမှာ ဗုံးတစ်လုံးကွဲတယ်။ အစစ်အဆေးကြမ်းချက်ကတော့ ရက်စက်တယ်။ ရုံးစည်ကြီးရွာက အရပ်သားပြည်သူတွေက မလှိုင်နယ်ထဲက ပန်းအိုင်ဘုရားကြီးမှာ စစ်ရှောင်နေကြတယ်” ဟု ရုံးစည်ကြီးကျေးရွာမှ ဒေသခံတစ်ဦးက ဆိုသည်။
ယင်းအပြင် မလှိုင်မြို့နယ်ရှိ မြို့မရဲစခန်းတွင်လည်း စစ်ကောင်စီတပ်သား အင်အား ၅၀ ခန့် ရောက်ရှိနေပြီး၊ လမ်းသွားလမ်းလာပြည်သူများကို စစ်ဆေးမေးမြန်းမှုများ တင်းကျပ်စွာ လုပ်ဆောင်နေကြောင်း သိရသည်။
“ ကောလဟာလတွေကလည်း များတယ်။ မြို့မြောက်ဘက်က သက္ကယ်ကျင်းရွာကိုလည်း သတိထားကြဖို့ ပြောနေကြတယ်။ တိုက်ပွဲတွေက ကျမတို့မြို့နားရောက်နေတော့ ဘာလုပ်လို့ ဘာကိုင်ရမှန်းလည်း မသိဘူး။ လေယာဥ်ဖြတ်ပျံရင်တောင်မှ သွေးတိုးနေကြတဲ့လူတွေက များတယ်။ မြို့ပေါ်မှာက အစစ်အဆေးကြမ်းတယ်၊ ဘုန်းကြီးကျောင်းတွေမှာ တပ်စွဲထားတယ်” ဟု မလှိုင်မြို့နယ်အတွင်းနေထိုင်သူ အမျိုးသမီးတစ်ဦးက ပြောသည်။
လက်ရှိတွင် ဒေသခံတော်လှန်ရေးတပ်ဖွဲ့များကလည်း နွားထိုးကြီး – မြင်းခြံ – တောင်သာ – မိထ္တီလာလမ်းပိုင်းတို့ကို အသုံးမပြုဘဲ ရှောင်ရှား၍ သွားလာကြရန် တိုက်တွန်းထားသည်။
နွားထိုးကြီး၊ မြင်းခြံ၊ တောင်သာနှင့် မလှိုင်မြို့တို့သည် စစ်တပ်မြို့ဟု ခေါ်တွင်ကြသော ရှမ်းတဲလေတပ်ဌာနချုပ်၊ လေကြောင်းအတတ်သင် လေတပ်စခန်း (မိထ္တီလာ)၊ လုံခြုံရေးရဲတပ်ဖွဲ့ခွဲ (ရတဖ ၃၅)၊ သံချပ်ကာတပ်၊ ထောက်ပို့တပ်၊ တပ်မ ၉၉ အပါအဝင် အမြောက်တပ်ရင်းများ အထိုင်ချတည်ရှိသည့် မိထ္တီလာမြို့နှင့် နီးကပ်စွာ တည်ရှိနေကြသဖြင့် ဒေသခံများမှာလည်း ကြောက်လန့်စိုးရိမ်နေမှုများ မြင့်တက်လျက်ရှိနေသည်။