By Ko Paing / MPA
စစ်ကိုင်းတိုင်း၊ မုံရွာမြို့နယ်၊ ထနောင်းတော (တောင်) ရွာ ဈေးထဲသို့ စစ်ကောင်စီတပ် ပစ်ခတ်သည့် လက်နက်ကြီး ကျရောက်ပေါက်ကွဲခဲ့ရာ ပြည်သူ ၁၁ ဦးသေဆုံးပြီး ၂၁ ဦးဒဏ်ရာရရှိကြောင်း မုံရွာ-အမြင့်လမ်း သတင်းမှန်ပြန်ကြားရေးက သတင်းထုတ်ပြန်သည်။
သြဂုတ် ၁၃ ရက်၊ နံနက် ၁၀ နာရီဝန်းကျင်တွင် မုံရွာမြို့နယ်၊ မုံရွာ – မန္တလေးလမ်း၊ မအူကျေးရွာရှိ စစ်ကောင်စီ စစ်ဆေးရေးဂိတ်မှ ၆၀ (မမ) လက်နက်ကြီးဖြင့် ပစ်ခတ်ရာ ထနောင်းတော (တောင်) ကျေးရွာ စျေးတန်းအလယ်သို့ ကျရောက်ပေါက်ကွဲခဲ့ပြီး အမျိုးသားသုံး ဦးနှင့်အမျိုးသမီး ရှစ်ဦးသေဆုံးခဲ့ကြောင်း၊အမျိုးသား ငါးဦးနှင့် အမျိုးသမီး၁၆ ဦးလက်နက်ကြီးကျည် ထိမှန်ဒဏ်ရာရခဲ့ကြောင်းသိရသည်။
“မအူဂိတ်ကနေ အနီးဝန်းကျင်ရွာတွေကို ခဏခဏပစ်တာ။ထနောင်းတောရွာကိုလည်း စစ်တပ်က ဝင်မီးရှို့လိုက်၊လက်နက်ကြီးနဲပစ်လိုက် အလုပ်ခံရတာလည်း ခဏခဏပဲ” ဟု ဒေသတွင်း တော်လှန်ရေးရဲဘော်တစ်ဦးကပြောသည်။
ထနောင်းတောကျေးရွာသည် မုံရွာ-အမြင့်လမ်းမဘေးတွင်တည်ရှိသည်။
ဩဂုတ်၁၃ရက်၊ နေ့ခင်း၁၂နာရီခန့်တွင်လည်း လယ်တော်ကျေးရွာသို့ မအူဂိတ်မှပစ်လိုက်သော လက်နက်ကြီး ကျရောက်ပေါက်ကွဲခဲ့ရာ ပြည်သူနှစ်ဦးထိခိုက်ဒဏ်ရာရခဲ့ပြီး နွားတစ်ကောင်သေဆုံးခဲ့ကြောင်း မုံရွာ-အမြင့်လမ်း သတင်းမှန်ပြန်ကြားရေးက ထုတ်ပြန်သည်။