By Garcia Ni /MPA
မကွေးတိုင်း၊ ဂန့်ဂေါမြို့တွင် စစ်ကောင်စီက ခံစစ်ပြင်ဆင်နေပြီး အနီးပတ်ဝန်းကျင်ကျေးရွာများသို့ လက်နက်ကြီးပစ်ခတ်မှုများ ပြုလုပ်လျက်ရှိကြောင်း ဒေသခံသတင်းရင်းမြစ်များထံက စုံစမ်းသိရှိရသည်။
ပြီးခဲ့သည့် ဇူလိုင်လအတွင်း ဂန့်ဂေါမြို့ ခလရ(၅၀)တပ်သို့ စစ်ကောင်စီဗျူဟာမှူးအသစ် အပြောင်းအလဲပြုလုပ်ခဲ့ပြီးနောက် ခံစစ်ပြင်ဆင်ခြင်း၊ ဂန့်ဂေါမြို့ပတ်ပတ်လည်သို့ ညဘက်စစ်ကြောင်းထိုးခြင်းနှင့် လက်နက်ကြီးပစ်ခတ်ခြင်းများကို ပြုလုပ်လာခြင်းဖြစ်ကြောင်း ခလရ(၅၀)တပ်နှင့်နီးစပ်သည့် သတင်းရင်းမြစ်က MPAသို့ ပြောသည်။
“ အခုလောလောဆယ်က အကုန်လုံးပြင်ဆင်နေကြတယ်။ ဆက်သွယ်ရေးမြောင်းတွေ၊ ကတုတ်ကျင်းတွေရော၊ ဘေးပတ်ချာလည်မှာလည်း မိုင်းတွေချည်းပဲထောင်ထားတော့တာ၊ တပ်တွင်းအိမ်ထောင်သည် မိသားစုတွေပေါ့နော်၊ မိသားစု တစ်စုကို ဝါးချွန်အချောင်းငါးရာချွန်ခိုင်းတယ်။ အဲ့ဒီဟာတွေအကုန်လုံးစိုက်ထားတယ်။ မိုင်းတွေကတော့ ရထားလမ်းတွေကအစ အကုန်မိုင်းကွင်းတွေဖြစ်ကုန်ပြီ” ဟု ၎င်းကပြောသည်။
ထို့ပြင် အသစ်ရောက်ရှိလာသောဗျူဟာမှူးမှ တပ်တွင်းအိမ်ထောင်သည်မိသားစုများအား စားနပ်ရိက္ခာအတွက် တစ်ယောက်လျှင်ဆန်တစ်ပြည်နှုန်းချက်၍ ထမင်းခြောက်များလှမ်းခိုင်းထားကြောင်းနှင့် အချို့မိသားစုများကိုမူ တပ်အပြင်သို့ကြိုတင်၍ ပို့ဆောင်ထားကြကြောင်း သတင်းရင်းမြစ်ထံမှ သိရသည်။
ယင်းအပြင် ခလရ(၅၀)တပ်မှ ဂန့်ဂေါမြို့အနောက်ဘက်နှင့် မြောက်ဘက်ကျေးရွာများသို့ ၂၀၂၄ခုနှစ်၊ သြဂုတ် ခုနှစ်ရက်နေ့မှစတင်၍ လက်နက်ကြီးပစ်ခတ်တိုက်ခိုက်မှုများကို နေ့စဥ်ပြုလုပ်လျက်ရှိပြီး အပြစ်မဲ့ပြည်သူနှင့်နေအိမ်အချို့ထိခိုက်ပျက်စီးမှုရှိခဲ့ကြောင်း မြေပြင်တော်လှန်ရေးတပ်ဖွဲ့များနှင့် ဒေသခံများထံမှ သိရသည်။
“ ခုနှစ်ရက်နေ့က ထုတာမှာတော့ စိုင်ဒူးရွာဘက်က အရပ်သားပြည်သူ ငါးယောက်ထိသွားတယ်။ အသက်အန္တရာယ်အနေနဲ့တော့ မစိုးရိမ်ရဘူး။ နေအိမ်အချို့လည်း ထိခိုက်ပျက်စီးတယ်လို့သိရတယ်။ ပြီးတော့ ဒီရက်ပိုင်းပစ်ခတ်မှုမှာတော့ လုံဟောရွာဘက်တွေကလည်း နေအိမ်ထိခိုက်မှုတွေရှိတယ်လို့သိရတယ်” ဟု ဂန့်ဂေါမြို့နယ်တောင်ပိုင်း ပြည်သူ့ကာကွယ်ရေးအဖွဲ့တာဝန်ခံက MPAကိုပြောသည်။
ဂန့်ဂေါမြို့စစ်ကောင်စီသည် ဇူလိုင် ၂၀ရက် မှစ၍ ဂန့်ဂေါမြောက်ပိုင်းနှင့် ချင်းပြည်နယ်သို့သွားမည့် ကုန်တင်ကားများကိုသွားလာခွင့်ပိတ်ဆို့ထားသဖြင့် တော်လှန်ရေးအင်အားစုများကလည်း ဂန့်ဂေါမြို့တောင်ပိုင်းမှ မြို့တွင်းသို့ကုန်စည်ဝင်ရောက်မှုကို ပိတ်ပင်ထားခဲ့သည်။
သို့သော် ဇူလိုင် ၃၁ရက်နေ့တွင် ဂန့်ဂေါမြို့စစ်ကောင်စီမှ ဂန့်ဂေါမြို့တွင်းမှတစ်ဆင့် ဂန့်ဂေါမြောက်ပိုင်းနှင့်ချင်းပြည်နယ်များသို့ကုန်စည်စီးဆင်းမှုကို ပြန်လည်ခွင့်ပြုခဲ့သဖြင့် ဂန့်ဂေါမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့က သြဂုတ် တစ်ရက်နေ့တွင် မြို့တွင်းကုန်စည်ဝင်ရောက်မှုကို ခွင့်ပြုပေးခဲ့သော်လည်း စစ်ကောင်စီဘက်မှ ဆက်လက်ပိတ်ဆို့ထားပြန်သဖြင့် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များကလည်း သြဂုတ် ခုနှစ်ရက်နေ့မှစ၍ ပြန်လည်ပိတ်ဆို့ထားခဲ့သည်။
“ မြို့ထဲသွားလို့လာလို့တော့ ရပါသေးတယ်။ အစစ်အဆေးကတော့အရင်လိုပါ့ပဲ၊ အဓိကတော့ ဆီ၊ ဆား၊ ငပိတွေ၊ ကုန်တွေပါ အပြင်သယ်လို့မရတာ၊ မြို့ထဲလည်း ကုန်တွေကမဝင်တော့ပါဘူး။ စျေးသယ်တွေလည်း တခြားဘက်တွေကနေ သယ်ကြရတော့တာပါ့” ဟု စိုင်ဒူးရွာ ဒေသခံအမျိုးသမီးတစ်ဦးက ပြောသည်။
ပြီးခဲ့သည့် သြဂုတ် ၁၁ရက်နေ့၊ ညပိုင်းကလည်း ဂန့်ဂေါမြို့ပေါ်တွင် စစ်ကောင်စီ၏ Y12 စစ်ထောက်ပို့ဗုံးကြဲလေယာဥ်တစ်စင်း လှည့်ပတ်ဝဲပျံ၍ ခလရ(၅၀)တပ်တွင်းသို့ လက်နက်ခဲယမ်းနှင့် စားနပ်ရိက္ခာဟု ယူဆရသော အထုပ်များချထားခဲ့ကြောင်း ဒေသခံများထံကစုံစမ်းသိရှိရသည်။