ရှမ်းပြည်နယ်၊ နမ့်ဆန်မြို့ကို စစ်ကောင်စီတပ်က ညအချိန်တွင် လေကြောင်းမှ ဗုံးကြဲ တိုက်ခိုက်ခဲ့ရာ ပြည်သူတစ်ဦးသေဆုံးပြီး တစ်ဦး ဒဏ်ရာရခဲ့ကြောင်း သိရသည်။
ဩဂုတ်၁၂ရက်၊ည ၁၁နာရီခွဲကျော်တွင် ဂျက်လေယာဉ်ဖြင့် ဗုံးခြောက်လုံး ကြဲချခဲ့ရာ နမ့်ဆန်မြို့ လယ်ရပ်ကွက်ရှိ EPC ရုံးအတွင်းသို့ ကျရောက်ပေါက်ကွဲခဲ့ပြီး ထိုရုံးဝင်းရှိ အသက်၃၀အရွယ် ဒေသ ခံတစ်ဦး သေဆုံးကာ တစ်ဦးဒဏ်ရာရရှိခဲ့ကြောင်း TNLAက သတင်းထုတ်ပြန်သည်။
ထို့အပြင် EPC ရုံးဝင်းအတွင်းရှိ ထရန်စဖော်မာများ ထိခိုက်ပျက်စီးသွားပြီး အနီးဝန်းကျင်ရှိ မြိုမဂိုဏ်ချုပ်ကျောင်းနှင့် ဒေသခံနေအိမ်ငါးလုံး ထိခိုက်ပျက်စီးခဲ့သည်။
၁၀၂၇စစ်ဆင်ရေးပထမပိုင်းတွင် နမ့်ဆန်မြို့ကို TNLA က သိမ်းပိုက်ခဲ့ကာ TNLA အုပ်ချုပ်ရေးယန္တရား လည်ပတ်နေပြီဖြစ်သော မြို့ဖြစ်သည်။
သြဂုတ်ခြောက်ရက်ကလည်း TNLA အုပ်ချုပ်နေသည့် ကွတ်ခိုင်မြို့ကို စစ်ကောင်စီတပ်က လေကြောင်းမှဗုံးကြဲတိုက်ခိုက်ခဲ့ရာ ဒေသခံခြောက်ဦး သေဆုံးကာ ၁၀ဦး ဒဏ်ရာရရှိခဲ့ပြီး လူနေအိမ်နှင့် ဆိုင်ခန်းပေါင်း၄၀၀ ကျော် မီးလောင်ပျက်စီးခဲ့သေးသည်။