By Ko Paing / MPA
လားရှိုးမြို့၊ အရှေ့မြောက်တိုင်းစစ်ဌာနချုပ်မှ ဖမ်းဆီးမိခဲ့သည့် တပ်မိသားစုဝင်များကို မိုင်းရယ်မြို့သို့ ပြန်လွှတ်ပေးနေပြီး နေပြည်တော်ဗိုလ်ချုပ်တစ်ဦးက လက်ခံပေးနေကြောင်း သိရသည်။
အရှေ့မြောက်တိုင်းစစ်ဌာနချုပ်ကို တိုက်ခိုက်သိမ်းပိုက်စဥ် ဖမ်းဆီးမိခဲ့သည့် စစ်တပ်မိသားစုဝင်များကို MNDAA ကပြန်လွှတ်ပေးလျက်ရှိရာ သြဂုတ် ၁၂ ရက်တွင် ၃၇၃ ဦး ပြန်လည်လွှတ်ပေးခဲ့ကာ စုစုပေါင်းပြန်လွှတ်ပေးသည့်အရေးအတွက် ၂၁၈၀ ရှိပြီဖြစ်ကြောင်း ဒေသတွင်း စစ်ရေးသတင်းရင်းမြစ်ထံက သိရသည်။
“စစ်သုံ့ပန်းမိသားစုဝင်တွေကို MNDAA က ကျနော်တို့ PDF ပူးပေါင်းတပ်ဖွဲ့ဆီ အကြောင်းကြားပြီး လာပို့တယ်။ကျနော်တို့က SSPP ကိုတစ်ဆင့်ပြန်လွှဲပေးရတယ်။တပ်မိသားစုဝင်တွေကို SSPP က မိုင်းရယ် ခလရ၆၇ တပ်ကိုပို့တယ်။အဲ့ကနေ နပတ က ဗိုလ်ချုပ်တစ်ယောက်ဦးစီးပြီးလာကြိုတယ်။ ရလခ (အရှေ့အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်) အထိပို့တယ်လို့တော့ ကြားတယ်” ဟု ၎င်းက MPA သို့ပြောသည်။
ဖမ်းဆီးမိထားသည့် တပ်မိသာစုဝင်များကို ပြန်လွှတ်ပေးနေသည်မှာ ခြောက်ကြိမ်မြောက်ရှိပြီဖြစ် ပြီး ဩဂုတ်၁၁ရက်က ဒဏ်ရာရစစ်သား၄၅ဦးကိုပါ ပြန်လွှတ်ပေးခဲ့သည်။
“ကျနော်တို့က ဒီစစ်သုံ့ပန်းတွေကို လက်လွှဲရတာဆိုတော့ အခြေအနေအကုန်မသိဘူး။MNDAA က လွှတ်ခါနီးမှ ပြောတာ။မနေ့(ဩဂုတ်၁၂ရက်)ကလွှတ်တာတော့ စစ်သားတွေမပါ ပါဘူး။ ၁၁ ရက်နေ့ က လွှတ်တဲ့အထဲမှာ အိုနာကျိုးကန်းတွေစစ်သားတွေမို့ ပြန်လွှတ်လိုက်တာပါ” ဟု ၎င်းက ပြောသည်။
ဩဂုတ်သုံး ရက်တွင် အရှေ့မြောက်တိုင်းစစ်ဌာနချုပ်နယ်မြေကို MNDAAနှင့် မဟာမိတ်တပ်တို့က သိမ်းပိုက်ရရှိခဲ့ကာ လက်နက်ချအညံ့ခံသော စစ်သားနှင့် တပ်မိသားစုဝင် ထောင်ချီရှိကြောင်း သိရသည်။