By Hlaing / MPA
မန္တလေးတိုင်း ၊ မန္တလေးမြို့သို့ ရေပေးဝေနေသည့် ဆည်တော်ကြီးဆည်ရေပြတ်တောက်မှုကြောင့် ရေရှားပါးမှုဖြစ်ပေါ်နေကြောင်း မန္တလေးဒေသခံများထံမှ စုံစမ်းသိရှိရသည်။
၂၀၂၄ ခုနှစ်၊ ဇွန် ၂၅ ရက်မှစ၍ မတ္တရာမြို့နယ်၊ ဆည်တော်ကြီးရေလှောင်တမံအနီး၌ ဖြစ်ပွားခဲ့သော စစ်ကောင်စီတပ်နှင့် ဒေသခံတော်လှန်ရေးတပ်ဖွဲ့များ၏ ထိတွေ့တိုက်ပွဲများကြောင့် ဆည်မြောင်းဝန်ထမ်းများ ထွက်ပြေးတိမ်းရှောင်နေခဲ့ကြရာမှ ရေပေးဝေနိုင်မှုမရှိတော့ဘဲ ယခုကဲ့သို့ ရေပြတ်လပ်မှုများ တွေ့ကြုံလာခဲ့ရခြင်း ဖြစ်သည်။
ထိုကဲ့သို ရေပြတ်တောက်မှုကြောင့် မန္တလေးကျုံးအတွင်းသို့လည်း ဆည်ရေဝင်ရောက်လာခြင်းမရှိသည့်အတွက် ကျုံးရေကို အဓိကထား၍ သုံးစွဲနေသည့် မန္တလေးမြို့အရှေ့ခြမ်း၊ မန္တလေးကျုံးအရှေ့ဘက်၊ မန္တလေးကျုံးအနောက်ဘက်၊ ကုန်းတန်းရပ်ကွက်ရှိ ရေနီမြောင်း၊ ချမ်းအေးသာဇံနှင့် အောင်မြေသာဇံမြို့နယ်တို့တွင် ရေပြတ်လပ်မှုများ ဖြစ်ပေါ်နေသည်။
“ ရေပြတ်တာ ဇူလိုင်လဆန်းလောက်ကတည်းကပဲ၊ အစပိုင်းမှာ မသိသာပေမဲ့ အခုကပိုဆိုးလာတယ်။ ရေမီတာကလည်း မလာ၊ ကျုံးရေကလည်း သိသိသာသာလျော့လာတယ်။ သုံးရေနဲ့ ချိုးရေအတွက်က အဆင်မပြေဘူး၊ သောက်ရေက ဝယ်သောက်လို့ရတော့ တော်သေးတယ်” ဟု ချမ်းအေးသာဇံမြို့နယ်တွင် နေထိုင်သူ အမျိုးသမီးတစ်ဦးက MPA သို့ ပြောသည်။
ရေပြတ်လပ်နေသည်မှာ တစ်လကျော်ခန့်ကြာမြင့်နေပြီဖြစ်၍ ရေကားဖြင့် ဝယ်ယူသုံးစွဲရာတွင်လည်း ဓာတ်ဆီစျေးနှုန်းကြီးမြှင့်နေမှုကြောင့် ငွေကြေးကုန်ကျမှုများပြားရကြောင်း သိရသည်။
“ ရေကားတစ်စီးကို ဂါလံ ၁၀၀၀နဲ့ ဂါလံ ၁၃၀၀ ဆံ့တဲ့ ကားတွေပေါ့၊ တစ်စီးကို တစ်သိန်းဝန်းကျင်ထိ စျေးပေါက်နေတယ်။ စျေးတွေမတူဘူး၊ တချို့လည်း ဂါလံ ၈၀၀ ကို ခုနှစ်သောင်းပေးရတယ်တဲ့။ သုံးဘီးတစ်စီးကိုး ငါးသောင်း၊မန္တလေးက ဆည်တော်ကြီးက ဝင်တဲ့ ကျုံးရေအဓိကအသုံးပြုရတာလေ၊ အခု ဆည်တော်ကြီးက ပိတ်ထားတော့ ဒုက္ခရောက်ကုန်တာ” ဟု အောင်မြေသာဇံမြို့နယ်တွင် နေထိုင်သူ အသက် ၃၀ အရွယ်ရှိ အမျိုးသားတစ်ဦးက ဆိုသည်။
မန္တလေးမြို့သို့ စဥ့်ကူး၊ မတ္တရာ၊ သပိတ်ကျင်း၊ ပုသိမ်ကြီး၊ ပြင်ဦးလွင်နှင့် မိုးကုတ်မြို့နယ်တို့မှ စစ်ရှောင်များလာရောက်နေထိုင်နေကြပြီး၊ ရေရှားပါးမှုကိုလည်း တစ်ပါတည်းခံစားနေကြရသည်။
“ အဝီစိတွင်းရှိတဲ့ အိမ်တွေကတော့ အဆင်ပြေတယ်လို့ ကြားတယ်၊ ကျမတို့က ရေမီတာရှိတဲ့အိမ်မှာ နေနေတာဆိုတော့ ရေခက်ခဲတာပေါ့နော်။ စစ်ရှောင်လာရတဲ့အခက်အခဲအပြင် ရေဒုက္ခလည်း ထပ်ရောက်လာတာ” ဟု မိုးကုတ်မြို့နယ်မှ မန္တလေးမြို့သို့ စစ်ရှောင်လာသူ တစ်ဦးက ဆိုသည်။
ထိုကဲ့သို့ ရေအခက်အခဲဖြစ်ပေါ်နေသည့် မန္တလေးဒေသခံများကို လူမှုကူညီကယ်ဆယ်ရေးအသင်းများ၊ မီးသတ်တပ်ဖွဲ့ များနှင့် အလှူရှင်များက ရေပေးဝေကူညီမှုများ ပြုလုပ်ပေးနေသော်လည်း လုံလောက်ခြင်းမရှိကြောင်း ဒေသခံများက ဆိုသည်။
“ အဓိက က ကျုံးနဲ့နီးတဲ့ရပ်ကွက်တွေပေါ့၊ အောင်မြေသာဇံထဲက လမ်း၃၀၊ ပြီးတော့ ၆၆ လမ်း ဘက်ကလည်း ကျုံးကပေးတဲ့ မီတာရေ သုံးကြတာ၊ ကျုံးနဲ့ဝေးတဲ့ ကျမတို့ကတော့ ချမ်းမြဝတီပန်းခြံက မီတာရေဆိုတော့ ရေမပြတ်ဘူး” ဟု ချမ်းမြသာစည်မြို့နယ်တွင် နေထိုင်သူ မနွယ်(အမည်လွှဲ)က ဆိုသည်။
စစ်ကောင်စီတပ်၏ ဝါဒဖြန့်တယ်လီဂရမ်ချန်နယ်များနှင့် စစ်ကောင်စီတပ်ကို ထောက်ခံသူများ၏ လူမှုကွန်ရက်စာမျက်နှာများတွင်မူ ယနေ့ (သြဂုတ် ၁၂ ရက်) တွင် ဆည်တော်ကြီးရေလှောင်တမံကို စစ်တပ်က ပြန်လည်ထိန်းချုပ်ခဲ့ပြီး၊ ရေထိန်းမောင်းတံများ ပြန်လည်ပြုပြင်ကာ ရေရရှိအောင် ပြန်လည်ဆောင်ရွက်ပေးခဲ့ကြောင်း ဖော်ပြထားသည်။
“ ကျုံးထဲတော့ ရေခမ်းမှာစိုးလို့ဆိုပြီး အရင်လေးငါးရက်က စစ်တပ်က ရေထည့်နေတယ်လို့ ကြားတယ်။ ဒါပေမဲ့ မြို့ပေါ်မှာ ရေမရကြသေးဘူး။ မတ္တရာနဲ့ ပုသိမ်ကြီးမြို့နယ်ထဲက ရွာတွေမှာလည်း ဆည်ရေကမလာ၊ မိုးမရွာလို့ ဒုက္ခရောက်နေကြတယ်” ဟု မဟာအောင်မြေမြို့နယ်တွင် နေထိုင်သူ အသက် ၅၀ အရွယ် အမျိုးသားတစ်ဦးက ဆိုသည်။
၁၀၂၇ စစ်ဆင်ရေး ဒုတိယလှိုင်း၌ ပြည်သူ့ကာကွယ်ရေးတပ်မတော် – မန္တလေး (MDY – PDF) နှင့် မဟာမိတိပူးပေါင်းတပ်ဖွဲ့များက မိုးကုတ်နှင့် စဥ့်ကူးမြို့နယ်တို့ကို သိမ်းပိုက်ထားပြီး၊ မန္တလေးမြို့ကို သိမ်းပိုက်နိုင်ရန်အတွက် စစ်ရေးအရှိန်မြှင့်လျက်ရှိသည်။