By Ra Wai / MPA
မကွေးတိုင်း၊ ရေစကြိုမြို့နယ်၊ ခလရ ၂၅၈မှ ထွက်လာသည့် အိမ်စီးကားနှစ်စီးကို PDF တပ်ဖွဲ့များက မိုင်းဆွဲပြီးနောက် ပစ်ခတ်ခဲ့ရာ စစ်သားနှစ်ဦး သေဆုံးကြောင်းသိရသည်။
ဩဂုတ် ၁၀ရက်၊ ညရှစ်နာရီခန့်က ခလရ ၂၅၈မှ ထွက်လာသည့် အင်အား ၂၀ဝန်းကျင်ပါ အိမ်စီးကားနှစ်စီးကို ခရလ ၂၅၈နှင့် တောင်အိုတာတောင်ဂိတ်ကြား၌ အသင့်စောင့်ကြိုပြီး မိုင်းဆွဲပစ်ခတ်တိုက်ခိုက်ခဲ့ရာ စစ်သား နှစ်ဦးလည်း ပြင်းထန်ဒဏ်ရာရရှိခဲ့ကြောင်း ရေစကြိုမြို့နယ်ပကဖက သတင်းထုတ်ပြန်သည်။
“ ပခုက္ကူဘက်ကို သွားမယ်လို့ယူဆတယ်။ အဲ့ဒါကို ကျတော်တို့က ခလရ ၂၅၈နှင့် တောင်အိုတာတောင်ကြားက လမ်းကြားတစ်နေရာမှ စောင့်ပြီးတိုက်ခိုက်ခဲ့တာ။ ကျတော်တို့ဘက်က မိုင်းအရင်ဆွဲပြီးမှ ပစ်ခတ်တိုက်ခိုက်ခဲ့တာ” ရေစကြိုမြို့နယ်ပကဖ၊ သတင်းပြန်ကြားတာဝန်ခံက MPA သို့ပြောသည်။
ယင်းတိုက်ခိုက်မှုပြီးနောက် မိုင်းထိပြီး ထိုးရပ်သွားသော ကားများကို တောင်အိုတာတောင်ဂိတ်မှ စစ်သားများက လာဆွဲသွားကြောင်း သိရသည်။
“ ပထမတိုက်ခိုက်တော့ ကားက ဘီးပေါက်တဲ့ ပုံစံမျိုးဖြစ်ပြီးတော့ လမ်းဘေးထိုးရပ်သွားတာပေါ့။ ပြီးတော့ အပြန်အလှန်ပစ်ခတ်မှုဖြစ်တယ်” ဟု ၎င်းကပြောသည်။
ယင်းတိုက်ခိုက်မှုကို ရေစကြိုမြို့နယ်ပကဖ က ဆောင်ရွက်ခဲ့ခြင်းဖြစ်ပြီး PDF ရဲဘော်များ အထိအခိုက်မရှိ ပြန်လည်ဆုတ်ခွာနိုင်ခဲ့ကြောင်းသိရသည်။
စစ်သာများ သေဆုံး၊ ဒဏ်ရာရမှုအပေါ် MPA အနေနှင့် သီးခြားအတည်မပြုနိုင်ပေ။