နိုင်ငံတွင်းမှထွက်ပြေးသွားသော ဝန်ကြီးချုပ်ဟောင်း ဟာဆီနာလက်ထက်က ခန့်အပ်ခဲ့သည့် အရာရှိများကို ဆန္ဒပြသူများကပစ်မှတ်ထားနေစဉ် ဘင်္ဂလားဒေ့ရှ် နိုင်ငံတော်တရားသူကြီးချုပ်နှင့် ဗဟိုဘဏ်အကြီးအကဲတို့ ရာထူးမှနုတ်ထွက်သွားကြောင်း အရာရှိများက သြဂုတ်လ ၁၀ ရက်က ပြောကြားသည်။
နိုင်ငံတော်တရားသူကြီးချုပ် အိုဘိုင်ဒူလ်ဟာဆန် ရာထူးမှ နုတ်ထွက်သွားကြောင်း တရားရေး ဝန်ကြီးဌာန အကြံပေး အာဆစ်နာဇရူက ဖေ့စ်ဘွတ်ခ်စာမျက်နှာပေါ်တွင် ရေးသားထားသည်။
၎င်းအနေဖြင့် ရာထူးကို မစွန့်လွှတ်ပါက ဆိုးရွားသော နောက်ဆက်တွဲအခြေအနေမျိုးနှင့် ရင်ဆိုင်ရလိမ့်မည်ဟု ဆန္ဒပြကျောင်းသားများက ခြိမ်းခြောက်ခဲ့ပြီးနောက် ယခုကဲ့သို့ရာထူးမှ နုတ်ထွက်သွားခြင်း ဖြစ်သည်။
ယာယီအစိုးရအဖွဲ့၌ အကြံပေးတစ်ဦးအဖြစ် ပါဝင်နေသည့် အာဆစ်နာဇရူက ဆန္ဒပြသူများ အနေဖြင့် ငြိမ်းငြိမ်းချမ်းချမ်း ရှိရေး၊ အများပိုင် ပစ္စည်းများအားမဖျက်စီးရေး တိုက်တွန်းထားသည်။
ဘင်္ဂလားဒေ့ရှ် ဗဟိုဘဏ် အုပ်ချုပ်ရေးမှူး အက်ဗဒါရော့ဖ်တာလူဒါ ရာထူးမှ နုတ်ထွက်သွားသော်လည်း ၎င်း၏ ရာထူးမှာ အရေးကြီးသောရာထူးဖြစ်သောကြောင့် ၎င်းရာထူးမှ နုတ်ထွက်မှုကို လက်မခံကြောင်း ဘဏ္ဍာရေးဝန်ကြီးဌာန အကြံပေး ဆာလီဟူဒင် အာမက်က သတင်းထောက်များကိုပြောကြားခဲ့သည်။
ထိပ်တန်းအရာရှိများ၏ အကျင့်ပျက်ခြစားမှုကို ဘဏ်အရာရှိ ၃၀၀ ကျော်က ကန့်ကွက်ဆန္ဒပြပြီးနောက် ဗဟိုဘဏ်လက်ထောက် အုပ်ချုပ်ရေးမှူးလေးဦးလည်း နုတ်ထွက်ခဲ့ရကြောင်း သိရသည်။
ဒါကာ တက္ကသိုလ်မှ ဒုတိယအကြံပေး ပုဂိုလ်မာဆုတ်ကာမဲလ်လည်း ရာထူးမှနုတ်ထွက်သွားကြောင်း ကြားသိရသော်လည်း အကြောင်းရင်းသိရရန် ၎င်းကို ဆက်သွယ်ခဲ့သော်လည်း အဆက်အသွယ်မရခဲ့ဟု ရိုက်တာသတင်းတွင် ဖော်ပြထားသည်။