By Poe Sangle / MPA
ယွမ်စျေး ထိုးတက်နေသဖြင့် ရှမ်းပြည်နယ်မြောက်ပိုင်း၊ တရုတ်-မြန်မာနယ်စပ်တွင် အခြေခံစားသောက်ကုန်စျေးနှုန်းများ မြင့်တက်လာကြောင်း ဒေသခံများထံမှ စုံစမ်းသိရှိရသည်။
တရုတ်-မြန်မာနယ်စပ်ဖြစ်သည့် မူဆယ်၊ နမ့်ခမ်းမြို့များတွင် ဩဂုတ် ရှစ်ရက် တရုတ်ယွမ်ငွေ တစ်ရာလျင် ကျပ် ၇၈၀၀၀ရှိခဲ့ရာမှ ဩဂုတ် ကိုးရက်တွင် ကျပ် ၇၃၀၀၀ ထိဖြစ်လာခဲ့ခြင်းကြောင့် ၎င်းမြို့များတွင် ကုန်စျေးနှုန်းများ အဆမတန်စျေးမြင့်တက်လာခဲ့သည်။
လက်ရှိ နမ့်ခမ်းမြို့၌ ဆန်အမျိုးအစားပေါ်မူတည်ပြီး အနည်းဆုံး ကျပ် ၁၃၀၀၀၀ မှ ၁၇၀၀၀၀ ထိရှိနေကာ၊ စားအုန်းဆီ တစ်ပိပိဿာသည် ကျပ် ၁၅၀၀၀ ထိပေါက်စျေးရှိနေသည့်အတွက် ပြည်သူများ အခက်အခဲများစွာ ကြုံတွေ့နေရသည်။
ထို့ပြင် မြေပဲဆီ တစ်ပိဿာ နှစ်သောင်း နှင့် ဒေသအခေါ် ပဲဝါဆီ သုံးပိဿာဆန့်ဘူး တစ်ဘူးလျင် ၃၉၅၀၀ ထိ ပေါက်စျေးရှိနေသည်။
“တစ်ဆိုင်နဲ့ တစ်ဆိုင်က ဈေးမတူဘူး။ ပြည်သူလူထုအပေါ် သနားတက်တဲ့ ဆိုင်ရှင်တချို့ဆိုရင် ဈေးတင်ပြီး မရောင်းကြဘူး။ ပြီးတော့ မြန်မာနိုင်ငံထဲက ဆိုပေမဲ့ တရုတ်ငွေကို အခြေခံရတဲ့အတွက် တရုတ်ငွေစျေးတက်ရင် ကုန်စျေးနှုန်းက အလိုအလျောက်တက်လာပြီးသား၊ အရင်လတွေမှာ ရှမ်းဆန် တစ်ပြည်ကို ခြောက်ထောင်၊ ခုနှစ်ထောင်ပေးဝယ်ရပေမဲ့ ဒီလမှာတော့ တစ်ပြည်ကို ရှစ်ထောင့်ငါးရာ၊ ကိုးထောင်လောင် ဖြစ်သွားတယ်” ဟု နမ့်ခမ်းမြို့ခံ အမျိုးသမီးတစ်ဦးက ပြောသည်။
စစ်တပ်အာဏာသိမ်းခဲ့သည့် ၂၀၂၁ခုနှစ်၊ ဖေဖော်ဝါရီလမှ စတင်ကာ မြန်မာ့ငွေကြေး ဖောင်းပွမှုသည် တစ်ရှိန်ထိုး မြင့်တက်ခဲ့ပြီး တရုတ်-မြန်မာ နယ်စပ်မြို့တစ်ခုဖြစ်သည့် မူဆယ်မြို့ရှိ ကုန်စုံဆိုင်အချို့နှင့် စားသောက်ဆိုင် အချို့တွင် ကျပ်ငွေ အသုံးပြုကာဝယ်ယူ၍မရတော့ဘဲ ယွမ်ငွေဖြင့်သာ ဝယ်ယူသုံးစွဲနေရကြောင်း ဒေသခံများက ဆိုသည်။
“တချို့ဆိုင်ဆိုရင် တရုတ်ငွေနဲ့ပဲ အစားအသောက်တွေဝယ်ကြတယ်။ မြန်မာငွေနဲ့ ပေးဝယ်ရင် အများကြီးပေးရဝယ်လို့ ခံစားရတယ်ပေါ့။ အစာပြေမုန့် တစ်ထုပ်ကို တရုတ်ငွေ ၁၀ ဆိုရင် မြန်မာငွေနဲ့ဆိုရင် အများကြီးလေ၊ ဆိုင်တွေကလည်း မြန်မာငွေနဲ့ မတွက်ပေးဘူး။ ယွမ်ငွေနဲ့ တစ်ထုပ်ဘယ်လောက်ဆိုပြီး တွက်ပေးတာ၊ စက္ကူချင်းအတူတူဆိုပေမဲ့ တန်ဖိုး တော့ကွာတယ်လေ” ဟု မူဆယ်မြို့ခံ အမျိုးသားတစ်ဦးက ပြောသည်။
ထို့ပြင် မူဆယ်မြို့ရှိ ကုန်စုံဆိုင်အချို့နှင့် ကုမ္ပဏီအချို့သည် ၎င်းတို့၏ ဝန်ထမ်းများကို ယွမ်ငွေဖြင့်သာ လစာသေးသည့်အတွက် အဆင်ပြေမှုများရှိသလို ကျပ်ငွေဖြင့်သာ လစာရသူများအနေဖြင့် မူဆယ်မြို့၌ စားဝတ်နေရေးနှင့် အိမ်ငှားရမ်းခအတွက် အခက်ခဲကြုံနေရကြောင်း ၎င်းက ရှင်းပြသည်။
ပြီးခဲ့သည့် ဇူလိုင်လအတွင်း ယွမ်ငွေ ၁၀၀လျင် ကျင်ငွေ ငါးသောင်းမှ ခုနှစ်သောင်းကြားသာရှိခဲ့သော်လည်း ဩဂုတ်လါတွင်း ယွမ်ငွေ ၁၀၀လျင် ကျပ် ရှစ်သောင်းအထိ ပေါက်စျေးရှိလာခဲ့ခြင်းဖြစ်သည်။
ထိုကဲ့သို့ ယွမ်ငွေစျေးမြင့်တက်လာသော်လည်း ကျပ်ငွေဖြင့်သာ လစာရသည့် လခစားဝန်ထမ်းများသည် လုပ်ခ လစာ တိုးမြင့်လာခြင်းမရှိသဖြင့် ပိုမိုအခက်အခဲကြုံတွေ့နေရခြင်းဖြစ်ပြီး တရုတ်ယွမ်ငွေစျေး ပိုမိုမြင့်တက်လာမည်ကို ဒေသခံများက စိုးရိမ်လျက်ရှိသည်။
စစ်ကောင်စီ အာဏာမသိမ်းမီ ၂၀၂၀ ခုနှစ်အတွင်း ယွမ်ငွေ ၁၀၀ လျင် အနည်းဆုံး ကျပ် ၁၅၀၀၀ မှ ကျပ် ၃၀၀၀၀ ထိသာ ရှိခဲ့သည်။