By Ra Wai / MPA
မန္တလေးတိုင်း၊ နွားထိုးကြီးမြို့ပေါ်မှ စစ်သားနှင့်ရဲများအားလုံး ထွက်ပြေးသွားကြပြီဖြစ်ကြောင်း သိရသည်။
ဩဂုတ်၁၀ရက်၊ နံနက်လေးနာရီခန့်တွင် နွားထိုးကြီးမြို့ပေါ်ကို ဒေသခံ PDF ပူးပေါင်းတပ်က ဝင် ရောက်စီးနင်းတိုက်ခိုက်ခဲ့ရာ ညနေလေးနာရီခန့်တွင် စစ်သားနှင့်ရဲများအားလုံး ထွက်ပြေးသွားကြ ကြောင်း မြင်းခြံခရိုင်ပကဖ တာဝန်ရှိသူတစ်ဦးကပြောသည်။
“ဒီနေ့မနက် အခု ၁၀နာရီလောက်အထိ အားလုံး ငြိမ်သက်နေတယ်။နွားထိုးကြီးမြို့ပေါ်မှာ စခတွေ လုံးဝမရှိတော့ဘူး။မနေ့ကတည်းက ထွက်ပြေးသွားကြပြီ” ဟု ၎င်းက MPAသို့ ပြောသည်။
ယမန်နေ့တိုက်ပွဲအပြီးတွင် သေဆုံးနေသော စစ်အုပ်စုဝင်တို့၏ အလောင်း ၁၅လောင်းတွေ့ရှိခဲ့ပြီး ခြောက်ဦးကို အရှင်ဖမ်းမိခဲ့ကာလက်နက်ခဲယမ်းများလည်း သိမ်းဆည်းရမိခဲ့ကြောင်း သိရသည်။
“မနေ့က လေယာဉ်နဲ့ ဗုံးလာကြဲချတာရှိတယ်။ဆေးရုံရှေ့မှာ ဗုံးတစ်လုံးကျတယ်။ နွားထိုးမြို့ပြင်က ထန်းဇင်ငကွလမ်းခွဲမှာ တစ်လုံးကျတယ်” ဟု ၎င်းကဆက်လက်ပြောသည်။
ယမန်နေ့တိုက်ပွဲအတွင်း မြင်းခြံခရိုင်တပ်ရင်းလေးမှ တပ်ခွဲမှူး ရဲဘော်သွန်း ကျဆုံးခဲ့ကြောင်း သိရသည်။
နွားထိုးကြီးမြို့ပေါ်တိုက်ပွဲတွင် ကမ္ဘောဇဘဏ်၊ဌာနဆိုင်ရာနှင့်နေအိမ်အချို့ မီးလောင်ပျက်စီးမှုရှိခဲ့ ကြောင်းသိရသည်။
ယင်းတိုက်ခိုက်မှုကို မြင်းခြံခရိုင် တပ်ရင်း တစ်၊ နှစ်၊ သုံး၊ လေး၊ ရှစ်၊ ကိုး၊ မြင်းခြံခရိုင်ပကဖ၊မြင်းခြံမြို့ နယ် ပကဖ၊နွားထိုးကြီးမြို့နယ်ပကဖ၊ တောင်သာမြို့နယ်ပကဖနှင့်ဒေသခံကာကွယ်ရေးတပ်ဖွဲ့များပူးပေါင်းဆင်နွှဲခဲ့ခြင်းဖြစ်ကြောင်း သိရသည်။