By Poe Sangle / MPA
ရှမ်းပြည်နယ်မြောက်ပိုင်း၊ လားရှိုးမြို့ ပြန်လည်ထူထောင်ရေးအတွက် အုပ်ချုပ်ရေးမှူးများကို ကိုးကန့်တပ်(MNDAA)က စိစစ်မှုများပြုလုပ်နေကြောင်း ဒေသခံများထံမှ စုံစမ်းသိရှိရသည်။
လားရှိုးမြို့ရှိ အရှေ့မြောက်တိုင်းစစ်ဌာနချုပ်ကို ဩဂုတ် သုံးရက်တွင် MNDAA က သိမ်းပိုက်နိုင်ပြီးနောက် သုံးရက်ခန့်အကြာ လားရှိုးမြို့ ရပ်ကွက်အလိုက် အုပ်ချုပ်ရေးမှူးများကို ခေါ်ယူပြီး စစ်ဆေးမှုများပြုလုပ်ခဲ့ခြင်းဖြစ်သည်။
MNDAA က ခေါ်ယူစစ်ဆေးနေသည့် အုပ်ချုပ်ရေးမှူးများသည် ၂၀၂၀ ခုနှစ်၌ တာဝန်ထမ်းဆောင်ခဲ့သူများပါသလို စစ်တပ်အာဏာသိမ်းပြီးနောက် ခန့်အပ်ထားသည့် အုပ်ချုပ်ရေးမှူးများလည်းပါဝင်ကြောင်း လားရှိုးမြို့ခံ၊ အမျိုးသမီးတစ်ဦးက ပြောသည်။
“ ရပ်ကွက်အလိုက်ရှိတဲ့ အုပ်ချုပ်ရေးမှူးတွေကို အကုန်ခေါ်တယ်။ အာဏာမသိမ်းခင်က အုပ်ချုပ်ရေးမှူးတွေလည်း ပြန်ဆက်သွယ်တယ်။ ပြန်ရှာတယ်။ ပြီးရင် မေးမြန်းမှုတွေလုပ်တယ်ပေါ့၊ သူတို့(MNDAA)နဲ့ပူးပေါင်းမှာလား စစ်ဆေးတယ်။ ဘာမှတော့ မလုပ်ဘူး။ သူတို့နဲ့မပေါင်းချင်လည်းရတယ်။ အတင်းအဓမ္မမခိုင်းဘူး။ အဓိကကျေးရွာအလိုက်၊ ရပ်ကွက်အလိုက်စာရင်းတွေပေးရတယ်” ဟု ၎င်းက ပြောသည်။
ပြီးခဲ့သည့် ၁၀၂၇ စစ်ဆင်ရေးပထမလှိုင်း၌ MNDAA သိမ်းပိုက်ခဲ့သည့် ကွမ်းလုံ၊ လောက်ကိုင်၊ ချင်းရွှေဟော်နှင့် သိန္နီမြို့မှားရှိ အုပ်ချုပ်ရေးမှူးများကိုလည်း စစ်ဆေးမှုများပြုလုပ်ခဲ့ဖူးသည်။
လားရိူးမြို့ရပ်ကွက်အလိုက် အုပ်ချုပ်ရေးမှူးများကို ခေါ်ယူ စိစစ်သည့် ကိစ္စနှင့် ပတ်သက်ပြီး MNDAA၏ ပြန်ကြာရေးဌာနနှင့် ရဲစခန်းကို ဖုန်းဖြင့် ဆက်သွယ်သော်လည်း လက်ခံဖြေကြားခဲ့ခြင်းမရှိပေ။
လက်ရှိ လားရှိုးမြို့ကို MNDAAက စစ်အုပ်ချုပ်ရေးကော်မတီတည်ထောင်ပြီး မြို့နယ်အုပ်ချုပ်ရေးနှင့် ပြန်လည်ထူထောင်ရေးလုပ်ငန်းများကိုလုပ်ဆောင်သွားမည်ဖြစ်ပြီး အစိုးရဝန်ထမ်းများ၊ ကျောင်းဆရာ-ဆရာမ၊ ဆရာဝန်နှင့် သူနာပြုများအနေဖြင့် မိမိလုပ်ငန်းတာဝန်များကို ပြန်လည်လုပ်ဆောင်ကြရန် ဇူလိုင် ၂၅ရက်တွင် ထုတ်ပြန်ထားသည်။
“တိုက်ပွဲမပြီးခင်ကတည်းက ကိုးကန့်က ကြေညာထားတယ်လေ။ Non တွေကော CDM တွေကော အကုန်ပြန်ခေါ်မယ်လို့ ပြောတယ်လေ၊ အခုခေါ်ယူမေးမြန်းတယ်ဆိုတာကလည်း လိုအပ်တဲ့နေရာမှာ ပြန်လည်အသုံးပြုဖို့နေမယ်။ ထွက်ပြေးလို့တော့ မရဘူး။ သူတို့ဆီမှာ အချက်အလက်အတိအကျရှိထားပြီးသား” ဟု လားရှိုးမြို့ခံ၊ အမျိုးသားတစ်ဦးက ပြောသည်။
ဩဂုတ် ငါးရက်ကလည်း လားရှိုးမြို့အဝင်အထွက်ကို ကိုးကန့်တပ်က တင်းကျပ်စွာစစ်ဆေးပြီး ၁၃/လရန(နိုင်) ကိုင်ဆောင်ထားသူများကို မြို့ထဲသို့ ပေးဝင်ခဲ့သော်လည်း ဩဂုတ် ခုနှစ်ရက်မှစတင်ကာ မြို့အဝင်အထွက်အား မည်သုံမှတ်ပုံတင် ကိုင်ဆောင်ထားသူမဆို ခွင့်ပြုလိုက်သည်ဟု ၎င်းက ဆက်လက်ရှင်းပြသည်။
လက်ရှိ လားရှိုးမြို့အတွင်း တိုက်ပွဲများငြိမ်သတ်ပြီးနောက် မြို့တွင်းလမ်းများကို ဒေသခံများနှင့်အတူ MNDAA တပ်ဖွဲ့များ ပူးပေါင်းပြီး သန့်ရှင်းရေးလုပ်ငန်းများဆောင်ရွက်နေပြီး နေအိမ်ဖောက်ထွင်းမှုများပြုလုပ်နေသူများကိုဖမ်းဆီးကာ ဖမ်းဆီးရရှိသည့် ပစ္စည်းများကိုလည်း မူလပိုင်ရှင်များဆီ ပြန်လည်ပေးအပ်ခဲ့ကြောင်း ထုတ်ပြန်ထားသည်။
ထို့ပြင် အရှေ့မြောက်တိုင်းစစ်ဌာနချုပ်မှ ဖမ်းဆီးရမိလာသူများအနက် တပ်မိသားစုဝင် နှစ်ထောင်ကျော်အနက် ရှစ်ရာကျော်ကို ပြန်လွှတ်ပေးခဲ့ကြောင်းလည်း သိရသည်။
ထိုကဲ့သို့ ပြန်လွှတ်ပေးခဲ့သည့် တပ်မိသားစုဝင်များကိုလည်း MNDAA က ခရီးစရိတ်အဖြစ် မိသားစုတစ်စုကို ငွေကျပ်ငါးသောင်ဆီပေးခဲ့သည်ဟု ဩဂုတ် ခုနှစ်ရက်တွင် ထုတ်ပြန်ထားသည်။