By Maung Dagon / MPA
တော်လှန်ရေးတပ်ဖွဲ့များ သိမ်းပိုက်ထားနိုင်သည့် မြို့များကို စစ်တပ်ထောက်ခံသူများက မြေကျန်လျင်ရပြီု ဆော်ဩကာ ဗုံးကြဲဖျက်ဆီးရန် ၎င်းတို့ ထောက်ခံသည့် စစ်တပ်ထံ တိုက်တွန်းမှုများပြုလုပ်လျက်ရှိကြောင်း စုံစမ်းသိရှိရသည်။
ပြီးခဲ့သည့် ဇူလိုင်လကုန်ပိုင်းက မိုးကုတ်မြို့အတွင်းသို့ မန္တလေး PDF တပ်ဖွဲ့များနှင့် မဟာမိတ်များ ဝင်ရောက်လာမှုကို မြို့ခံပြည်သူများက တစ်ခဲနက် ကြိုဆိုခဲ့ကြသည်။
အဆိုပါဖြစ်စဉ်၌ စစ်တပ်ထောက်ခံသူများအတွက် မနှစ်မြို့စရာ ကြီးကြီးမားမားဖြစ်ခဲ့ပြီး တော်လှန်ရေးတပ်ဖွဲ့များကို ကြိုဆိုသဖြင့် မိုးကုတ်မြို့ကို ဗုံးကြဲဖျက်ဆီးရန် စစ်တပ်ထောက်ခံသူများက တိုက်တွန်းခဲ့သည်ကို ၎င်းတို့၏ တယ်လီဂရမ်ချန်နယ်များ၌တွေ့ရသည်။
ထို့ပြင် TNLA သိမ်းပိုက်ထားပြီး တအာင်းလူမျိုးစုများ နေထိုင်ရာ နမ့်ဆန်နှင့် မန်တုံမြို့များကိုလည်း စစ်တပ်ထောက်ခံသူများက ဗုံးကြဲခိုင်းသဖြင့် စစ်ကောင်စီက လေကြောင်းအသုံးပြု တိုက်ခိုက်ခဲ့သည်များကိုလည်း တွေ့ရသည်။
“ ဘာမှမဆိုင်တဲ့ လားရှိုး၊ မိုးကုတ် နဲ့ မိုးမိတ်တောင် ၈၅ ရာခိုင်နှုန်းရှိတဲ့ တခြားတိုင်းရင်းသားတွေက ပလောင် TNLA နဲ့ တကန့်ပျက်တွေကြောင့် နေစရာမရှိ၊ အိုးအိမ်တွေ ပျက်စီးရရင် အကုန်လုံးက TNLA ရဲ့ စစ်မျိုးစစ်နွယ်ဖြစ်နေတဲ့ ပလောင်ရွာတွေက စစ်ဒဏ်ကင်းလွတ်နေတာ ဘယ်တရားပါ့မလား။ နမ့်ဆန်မြိုနဲ့ မန်တုံသာ စစ်မီးတောက်လောင်ကြည့် ဘာရှမ်း-မန်းမှ ဖြစ်လာစရာ အကြောင်း မရှိဘူး” ဟု စစ်တပ်ဝါဒဖြန့် ချန်နယ်များ၌ ဆော်သြထားသည်ကို တွေ့ရသည်။
စစ်တပ်ဝါဒဖြန့်သူများနှင့် ထောက်ခံသူများက စစ်ပွဲနှင့် မသက်ဆိုင်သည့် အရပ်သား ပစ်မှတ်များကိုပါ မြေလှန်ဖျက်ဆီးရန် တိုက်တွန်းသကဲ့သို့ စစ်ကောင်စီတပ်ကလည်း လားရှိုး အတိုက်ခံနေရစဥ် စစ်ပွဲနှင့် သက်ဆိုင်ခြင်းမရှိသည့် လောက်ကိုင်မြို့အတွင်းသို့ သွားရောက်ဗုံးကြဲခြင်း ဖြစ်ရပ်များကို ကျူးလွန်ခဲ့သည်။
“ စစ်တပ်နဲ့ စစ်တပ်ကို ထောက်ခံတဲ့သူတွေရဲ့ စိတ်တွေက အတော်ကိုကြောက်ဖို့ကောင်းတယ်။ ကြွက်မနိုင်ရင် ကျီမီးနဲ့ရှို့ ဆိုသလိုပဲ တော်လှန်ရေးတပ်ဖွဲ့တွေကို မနိုင်တာနဲ့ မြို့တွေ၊ အိမ်တွေကို ဖျက်ဆီးခိုင်းတာ၊ ပြီးရင် အခြားအဖွဲ့တွေကို ပြန်လွှဲချတယ်” ဟု KNU ထိန်းချုပ်နယ်မြေအတွင်းမှ အသက် ၃၀အရွယ် တော်လှန်ရေးရဲဘော်တစ်ဦးက ပြောသည်။
စစ်ကောင်စီတပ် ဗုံးကြဲဖျက်ဆီး၍ အရပ်သားပစ်မှတ်များ ထိခိုက်သေကြေ ပျက်ဆီးသည့်အခါတိုင်းတွင်လည်း စစ်တပ်ဝါဒဖြန့်သမားများက တော်လှန်ရေးတပ်ဖွဲ့များနှင့် ကြိုဆိုသူ ဒေသခံပြည်သူများအား စစ်ကိုခေါ်၍ စစ်လာရသည်ဟု ဆိုကာ အပြစ်တင်လေ့ ရှိသည်ကို တွေ့ရသည်။
“ ပြည်သူတွေ ခင်များတို့ အေးဆေး နေလိုက်ကြရင် ကောင်းမယ်နော်၊ မဟုတ်လို့ကတော့ နောက်ဆို မြို့အကုန်ပျက်ပြီး စစ်တပ်ပဲ ကျန်နေလိမ့်မယ်” ဟု စစ်တပ်ထောက်ခံသူတစ်ဦး ခြိမ်းခြောက်ထားသည်။
၂၀၂၄ခုနှစ်၊ သြဂုတ် ၃ ရက်က အရှေ့မြောက်တိုင်း စစ်ဌာနချုပ် အသိမ်းခံရပြီးနောက် စစ်တပ်ထောက်ခံသူများနှင့် ဝါဒဖြန့်ချန်နယ်များသည် စစ်ကောင်စီ ဥက္ကဌအား ရာထူးမှ ထွက်ရန် ဝေဖန်ဖိအားပေး ပြောဆိုခဲ့သေးသည်။
သို့သော် သြဂုတ် ၅ရက်တွင် စစ်ကောင်စီခေါင်းဆောင် လူလုံးထွက်ပြကာ မိန့်ခွန်းပြော နှစ်သိမ့်ခဲ့ပြီးနောက် စစ်တပ် ထောက်ထံသူများနှင့် ဝါဒဖြန့်သမားများသည် စစ်ခေါင်းဆောင်ပြောခဲ့သည့် တရားသော စစ်နိုင်ရမည်ဟု ကြွေးကြော်ကာ ၎င်းတို့ စစ်ရှုံးထားသည့် ဒေသများမှ မြို့များအား တစ်စမကျန် မြေလှန် ဗုံးကြဲဖျက်ဆီးရန် ဆက်လက် တိုက်တွန်း နေသည်ကို တွေ့ရသည်။