By Ra Wai / MPA
မြန်မာပြည်သူများကို ဆက်လက်ပံ့ပိုးကူညီ ထောက်ခံသွားမည်ဟု မြန်မာနိုင်ငံဆိုင်ရာသံရုံးအချို့၏ ရှစ်လေးလုံးအရေးတော်ပုံ နှစ်ပတ်လည်နေ့ အထိမ်းအမှတ် ထုတ်ပြန်ချက်များ၌ ဖော်ပြထားကြ သည်။
ဥရောပသမဂ္ဂသည် မြန်မာပြည်သူလူထုနှင့်အတူ ရပ်တည်လျက်ရှိပြီး ပြည်သူ၊ ပြည်သားတို့၏ ပိုမိုကောင်းမွန်တောက်ပသော အနာဂတ်ရရှိရေး ရည်မှန်းချက်များအတွက်လည်း ဆက်လက်ပံ့ပိုးကူညီသွားမည်ဟု မြန်မာနိုင်ဆိုင်ရာဥရောပသမဂ္ဂ၏ ထုတ်ပြန်ချက်၌ ဖော်ပြထားသလို ၁၉၈၈ ခုနှစ်က ကဲ့သို့ပင် ယူကေအစိုးရသည် ငြိမ်းချမ်းပြီး တရားမျှတသော ဒီမိုကရေစီအနာဂတ်အတွက် ကြိုးပမ်းနေသည့် မြန်မာပြည်သူလူထု၏ ရဲရင့်၊ ခိုင်မာ၊ ပြတ်သားသောစိတ်ဓာတ်ကို အစဥ်အားပေးထောက်ခံနေမည်ဖြစ်ကြောင်း ယူကေသံရုံးက ထုတ်ပြန်ထားသည်။
“မြန်မာပြည်သူတို့ရဲ့ ရှစ်လေးလုံးအရေးတော်ပုံကြီးကို မမေ့မလျော့အခုလို ကြေညာချက်တွေ ထုတ်ပြန်တဲ့အပေါ် အင်မတန်မှ ကျေနပ်စရာကောင်းပါတယ်။နိုင်ငံတကာအသိုင်းအဝိုင်းအနေ နဲ့ မြန်မာ့ဒီမိုကရေစီတိုက်ပွဲကို နှုတ်အားဖြင့် စောင်မနေကြခြင်းအပေါ်လည်း ကျေးဇူးတင်ပါတယ်။ လက်ရှိမှာ မြန်မာပြည်သူတွေရဲ့ အရေးပေါ်လိုအပ်ချက်တွေနဲ့ နွေဦးတော်လှန်ရေးအတွက် လက် တွေ့ကျတဲ့ အကူအညီပေးဖို့က အမှန်တကယ်လိုအပ်နေပါတယ်” ဟု မုံရွာမြို့အခြေစိုက် နိုင်ငံရေး တက်ကြွလှုပ်ရှားသူတစ်ဦးက ပြောသည်။
ရှစ်လေးလုံး အရေးတော်ပုံ နှစ်ပတ်လည်နေ့တွင် ဥရောပသမဂ္ဂသည် ငြိမ်းချမ်းရေးနှင့် တရားမျှတမှုအတွက် အသက်ပေးပြီး တိုက်ပွဲဝင်နေသူအားလုံးကို ဂုဏ်ပြုလိုက်ကြောင်းလည်း ဆိုသည်။