By Hlaing / MPA
မန္တလေးတိုင်း၊ ပြင်ဦးလွင်မြို့ရှိ စစ်တပ်အကြီးပိုင်း မိသားစုဝင်များကို ကြိုတင်စစ်ရှောင်ခိုင်းထားပြီး စစ်ကောင်စီတပ်က ခံစစ်ပြင်နေကြောင်း စစ်တပ်နှင့်နီးစပ်သူထံမှ စုံစမ်းသိရှိရသည်။
တအာင်းတပ်မတော် (TNLA)၊ ပြည်သူ့ကာကွယ်ရေးတပ်မတော် – မန္တလေး (MDY – PDF) နှင့် မဟာမိတ်ပူးပေါင်း တပ်ဖွဲ့များက ရှမ်းပြည်နယ်မြောက်ပိုင်း၊ နောင်ချိုမြို့ကို သိမ်းပိုက်ပြီးနောက် စစ်တက္ကသိုလ်များတည်ရှိရာ ပြင်ဦးလွင်နှင့် အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်တည်ရှိရာ မန္တလေးမြို့သို့ ထိုးစစ်အရှိန်မြင့်တင်လာသည့်အချိန်၌၊ စစ်ကောင်စီတပ်က ပြင်ဦးလွင်မြို့တွင် ခံစစ်ပြင်လာခြင်းဖြစ်သည်။
“ ပြင်ဦးလွင်မြို့ထဲမှာက အစစ်အဆေးသိပ်မရှိဘူး၊။ ယာဥ်ထိန်းရဲတောင် မရှိဘူး။ ပုံမှန်လည်ပတ်နေသလိုမျိုးပဲလို့ ထင်ရပေမဲ့ အခြေခံလူတန်းစား မြို့နေလူထုက အကျယ်ချုပ်ကျနေကြတာပါ၊ စစ်တပ်ထောက်ခံသူ၊ လူချမ်းသာအများစုနဲ့ ဝန်ထမ်းတွေကတော့ စစ်ကြိုရှောင်ကြတယ်။ တချို့ဆိုင်တွေလည်း ပိတ်ထားကြတယ်” ဟု ပြင်ဦးလွင်ဒေသခံ အမျိုးသားတစ်ဦးက MPA သို့ ပြောသည်။
ထို့ပြင် ပြင်ဦးလွင်မြို့ရှိ စစ်ကောင်စီလက်အောက်ခံ ရဲတပ်ဖွဲ့ဝင်အများစုသည် ရဲစခန်းများ၌ မရှိဘဲမြို့အဝင်အထွက်ရှိ စစ်ဆေးဂိတ်များ၊ ကာကင်းများ၌သာ နေထိုင်ရကြောင်း ရဲတပ်ဖွဲ့နှင့် နီးစပ်သည့် အမည်မဖော်လိုသူ အမျိုးသမီးတစ်ဦးက ပြောသည်။
“ မြို့မရဲစခန်းတွေမှာလည်း ရဲတွေက အရင်လောက်အင်အား မရှိတော့ဘူး။ အကုန်လုံးကို စစ်ဆေးရေးဂိတ်တွေ၊ ရဲကင်းတွေမှာ ပို့ထားပုံရတယ်။ ရဲကင်းတွေကတော့ အနီးစခန်း၊ ပြင်စာနဲ့ ဝက်ဝံရွာ၊ တစ်ခါတစ်လေ အရပ်ဝတ်တွေနဲ့လည်း တွေ့ရတယ်” ဟု ၎င်းက ရှင်းပြသည်။
ထို့ပြင် နောင်ချိုမြို့သို့ သွားသည့် လမ်းတစ်လျှောက် နှင့် ပြင်ဦးလွင်မြို့အဝင် ဝက်ဝံဂိတ်တို့တွင် စစ်ကောင်စီတပ်က လုံခြုံရေးတင်းကျပ်ထားပြီး၊ အခိုင်အမာ ခံစစ် ပြင်ဆင်ထားကြောင်း စစ်ကောင်စီတပ်နှင့် နီးစပ်သူတစ်ဦးက ပြောသည်။
“ နောင်ချိုဘက်သွားတဲ့ ကျောက်ဂူတောရ၊ ပြင်စာရွာ၊ ဘန့်ဘွေးရွာတစ်ကြောလုံးမှာ စစ်တပ်က တပ်ဖြန့်ထားတယ်ဗျ၊ နောင်ချိုဘက်ကဝင်နိုင်ချေရှိတဲ့ နောင်ချိုအခြေစိုက် ကံကြီးရွာ၊ တောင်ခမ်း(၉၀၂) နယ်တစ်ဝိုက်ကို ကာချင်တာ၊ အဲ့ဒီ့ဘက်ကနေ တိုးဝင်နိုင်မယ်လို့ စစ်တပ်က ခန့်မှန်းထားတယ်။ အဲ့ဒါကြောင့် ခံစစ်ပြင်ထားတယ်။ ကျောက်ဆည်ဘက်သွားတဲ့ ဖြတ်လမ်းမှာလည်း တပ်ဖြန့်ထားတယ်” ဟု စစ်ကောင်စီတပ်နှင့် နီးစပ်သူတစ်ဦးက ဆိုသည်။
ပြင်ဦးလွင်မြို့ရှိ ပြင်ဦးလွင်စစ်တက္ကသိုလ် (DSA)၊ ဆောက်လုပ်ရေးအင်ဂျင်နီယာတပ် (GE)၊ တပ်မတော်သိပ္ပံနှင့် သုတေသနနည်းပညာဌာနချုပ် (သသနတပ်) နှင့် ပြင်ဦးလွင် – လားရှိုးလမ်းပိုင်း၌ တည်ရှိသည့် တပ်မတော်နည်းပညာတက္ကသိုလ် (DSTA)တို့မှ အရာရှိအကြီးပိုင်းများမှာ နေပြည်တော်၊ ရန်ကုန်နှင့် စစ်တပ်နယ်မြေတစ်ခုအပါအဝင်ဖြစ်သည့် မိထ္တီလာမြို့သို့ ပြောင်းရွေ့နေကြပြီဖြစ်ကြောင်း GE တပ်မှ တပ်တွင်းအရာရှိတစ်ဦးက ဆိုသည်။
“ မနေ့က(သြဂုတ် ၇ ရက်)ဆို ကျန်နေတဲ့ အရာရှိအကြီးတွေ၊ စစ်တပ်အငြိမ်းစားတွေ အတော်များများပြောင်းကြတယ်။ အောက်ခြေဝန်ထမ်း၊ သက်လတ်ပိုင်း အရာရှိငယ်တွေကိုတော့ ဖြစ်သမျှခံဆိုပြီး ပစ်ထားတာ၊ အောက်ကလူတွေရဲ့ အခြေအနေကတော့ ဘယ်မှမထွက်ခိုင်းဘူး၊ အထွက်မခံဘူး” ဟု ၄င်းက ဆိုသည်။
“ ပြင်ဦးလွင်ကနေ တခြားမြို့ကို သွားဖို့၊ လာဖို့ဆိုရင် ရုံးမှာ ထောက်ခံစာလုပ်ရတယ်။ ထောက်ခံစာပါမှ ဂိတ်က စစ်သားတွေက သွားခိုင်းတာ၊ သူတို့(စစ်ကောင်စီ)လက်ထဲမှာဆိုတော့ ထောက်ခံစာလုပ်မယ်ဆိုလည်း အမျိုးမျိုး အရစ်ခံရတယ်” ဟု အသက် ၃၀ အရွယ်ရှိ ဒေသခံအမျိုးသမီးတစ်ဦးက ဆိုသည်။
ယင်းအပြင် ရတနာပုံ Cyber City အဆင့်မြင့် နည်းပညာတက္ကသိုလ်တွင် စစ်ကောင်စီတပ်က ဝင်ရောက်တပ်စွဲနေသည်ဟု သတင်းထွက်ပေါ်နေခြင်းနှင့် ပက်သက်၍လည်း ” ရတနာပုံ Cyber Cityrမှာ အလုံးအရင်းနဲ့ တပ်စွဲထားတာမျိုး မရှိဘူး။ စစ်ကောင်စီတပ်သားတွေ အများကြီးမရှိဘူး။ နည်းနည်းပဲ ဝင်လာကြတာ၊ ဆရာ၊ ဆရာမတွေနဲ့ ကျောင်းသားတွေကတော့ ပြန်ကုန်ကြပြီ” ဟု အဆိုပါတက္ကသိုလ်တွင် တက်ရောက်နေသည့် ကျောင်းသူတစ်ဦးက ဆိုသည်။
၂၀၂၄ ခုနှစ်၊ ဇွန် ၂၅ ရက်မှ စတင်ခဲ့သည့် ၁၀၂၇ စစ်ဆင်ရေး ဒုတိယလှိုင်းတွင် တအာင်းတပ်မတော် (TNLA)၊ မြန်မာအမျိုးသား ဒီမိုကရက်တစ် မဟာမိတ်တပ်မတော် (MNDAA)၊ ပြည်သူ့ကာကွယ်ရေးတပ်မတော် – မန္တလေး (MDY – PDF)နှင့် မဟာမိတ် ပူးပေါင်းတပ်ဖွဲ့များက ရှမ်းပြည်နယ်မြောက်ပိုင်းရှိ အရှေ့မြောက်တိုင်းစစ်ဌာနချုပ် (ရမခ) အပါအဝင် ကျောက်မဲ၊ လားရှိုး၊ မိုးမိတ်၊ နောင်ချိုနှင့် မန္တလေးတိုင်းအတွင်းရှိ စဥ့်ကူးနှင့် မိုးကုတ်မြို့နယ်တို့ကို သိမ်းပိုက်နိုင်ခဲ့သည်။
ထိုကဲ့သို့ စစ်ဌာနချုပ်အပါအဝင် တပ်မ၊ တပ်ရင်း၊ တပ်စခန်းများ သိမ်းပိုက်ခံရမှုများပြားလာသည့်အတွက် စစ်ကောင်စီ၏ စစ်တက္ကသိုလ်ဌာနချုပ်တည်ရှိရာ ပြင်ဦးလွင်မြို့၌ အခိုင်အမာ ခံစစ်ပြင်နေခြင်းဖြစ်သည်ဟု စစ်ကောင်စီနှင့် နီးစပ်သူတစ်ဦးက ပြောသည်။