By Ra Wai / MPA
မကွေးတိုင်း၊ ပေါက်မြို့နယ်တောင်ပိုင်းကို တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ စစ်ကောင်စီတပ်က လေကြောင်းတိုက်ခိုက်ခဲ့ရာ ဘုန်းကြီးတစ်ပါးပျံလွန်ကာ ဒဏ်ရာရပြည်သူလည်း များကြောင်း သိရသည်။
ယနေ့ (ဩဂုတ်ခုနှစ်ရက်) မွန်းလွဲ တစ်နာရီခွဲခန့်တွင် ပေါက်တောင်ပိုင်း ရွာသစ်ကုန်းကျေးရွာ ဘုန်းကြီးကျောင်းကို ဂျက်ဖိုက်တာဖြင့် ဗုံးတစ်လုံးကြဲချပြီးနောက် ရွာသစ်ကုန်းကျေးရွာမှ ဆေးပင်ကြီးကျေးရွာတစ်လျှောက် စက်သေနတ်ဖြင့် ပစ်ခတ်သွားကြောင်း ပေါက်တောင်ပိုင်းဒေသခံအမျိုးသားတစ်ဦးထံက သိရသည်။
“ ဗုံးက တစ်လုံး။ စက်သေနတ်နဲ့ပစ်သွားတာကတော့များတယ်။ ရွာသစ်ကုန်းကနေ ဆေးပင်ကြီးတစ်လျှောက်ကို စက်သေနတ်နဲ့ပစ်သွားတာ။ ဘုန်းကြီးက ဧည့်သည်ဘုန်းကြီး။ ပြည်သူအထိအခိုက်များတယ်” ဟု ၎င်းက MPAသို့ ပြောသည်။
ယင်းတိုက်ခိုက်မှုတွင် ပြည်သူထိခိုက်မှုများသော်လည်း အခြေနေမတည်ငြိမ်သေးသည့်အတွက် အရေအတွက်နှင့် အသေးစိတ်အခြေအနေကို မသိရှိရသေးပေ။
“ အဲ့ကျောင်းမှာ စစ်ရှောင်တွေရှိတယ်။ စစ်ရှောင်တွေ ထမင်းစားပြီးကာစလေး တည့်တည့်ကျတာ။ ခြေပြတ်၊ လက်ပြတ်တွေလည်း အများကြီးပဲ” ဟု ၎င်းက ဆက်လက်ပြောသည်။
ယနေ့ညနေ ၃နာရီခွဲဝန်းကျင်အထိ စစ်ကောင်စီလေယာဉ်များ ပေါက်တောင်ပိုင်းတွင် ပျံဝဲနေသေးကြောင်းသိရသည်။