By Ko Paing / MPA
ပဲခူးတိုင်း၊ ဖြူးမြို့နယ်၊ ညောင်ပင်သာမြို့ရှိ စစ်ကောင်စီတပ်ကို ဒရုန်းဖြင့် ဗုံးသီးချတိုက်ခိုက်ခဲ့ရာ စစ်သား ငါးဦးသေဆုံးကြောင်း ဖြူးမြို့နယ်ပကဖ ကသတင်းထုတ်ပြန်သည်။
သြဂုတ် ခြောက်ရက်၊ ည၁၀နာရီမထိုးမီတွင် ဖြူးမြို့နယ်၊ညောင်ပင်သာမြို့၊မြို့မ ၂ လမ်းနှင့် ၃ လမ်းဆုံရာ ရွာလယ်ဘုန်းကြီးကျောင်း၌ အင်အား ၃၀ ခန့်ဖြင့်တပ်စွဲထားသောစစ်တပ်ကို ဒရုန်းဖြင့် ဗုံးသီး နှစ်လုံး ကြဲချတိုက်ခိုက်ရာ စစ်သား နှစ်ဦးပွဲချင်းပြီးသေဆုံးပြီး သုံးဦးမှာ တောင်ငူဆေးရုံ ရောက်မှ သေဆုံးကြောင်း သိရသည်။
“သြဂုတ်လ သုံးရက်နေ့ကတည်းက အဲ့ဒီဘုန်းကြီးကျောင်းမှာ တပ်စွဲနေလို့ ဒရုန်းနဲ့ဗုံးကြဲသေးတယ်။မနေ့က မစ်ရှင်ကတော့ ကျနော်တို့ ဒရုန်း တစ်စင်းနဲ့ဗုံးသီးနှစ် လုံးကြဲချတိုက်ခိုက်ခဲ့တာပါ။ သူတို့က လက်နက်ကြီးတွေနဲ့ အနီးဝန်းကျင်ကို ပြန်ပစ်တာမျိုးရှိပါတယ်” ဟု ဖြူးမြို့နယ်ပကဖ တာဝန်ခံ ဆရာလေးက MPAသို့ ပြောသည်။
ယင်းတိုက်ခိုက်မှုအပြီးတွင် တော်လှန်ရေးတပ်ဖွဲ့ဝင်များ ထိခိုက်မှုမရှိ ပြန်လည်ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရသည်။
“စစ်သား၊ ရဲတွေနဲ့ဝေးဝေးနေပါ။စစ်ကောင်စီရဲ့ သတင်းကို တော်လှန်ရေးတပ်တွေဆီပေးပါ။ဗုံးခိုကျင်းတွေလည်း ပြုလုပ်ထားကြပါလို့ ပြောချင်ပါတယ်” ဟု ၎င်းကဆက်လက်ပြောသည်။
သြဂုတ်သုံး ရက်ကလည်း ယင်းစစ်တပ်ကို ဒရုန်းဖြင့် ဗုံးကြဲခဲ့ရာ စစ်သားနှစ် ဦးဒဏ်ရာ ရရှိခဲ့သေးကြောင်း ဖြူးမြို့နယ်ပကဖ ကသတင်းထုတ်ပြန်ထားသေးသည်။