By Poe Sangle / MPA
ရှမ်းပြည်နယ်မြောက်ပိုင်း၊ ကွတ်ခိုင်မြို့ကို စစ်ကောင်စီတပ်က ယနေ့ (ဩဂုတ်ခုနှစ်ရက်)မွန်းလွဲနှစ် နာရီဝန်ကျင်တွင် ဂျက်ဖိုက်တာဖြင့် ပေါင် ၅၀၀ ဗုံး နှစ်လုံး ထပ်မံကြဲချခဲ့ကြောင်း သိရသည်။
ကွတ်ခိုင်မြို့ရှိ ရဲစခန်းသို့ တစ်လုံးနှင့် ဗျူဟာစစ်တပ်စခန်းဟောင်းသို့ တစ်လုံး ဗုံးကြဲတိုက်ခိုက်ခဲ့ရာ လူထိခိုက်မှုမရှိကြောင်း ဒေသခံ အမျိုးသမီးတစ်ဦးထံက သိရသည်။
“လူထိတာတော့ မရှိဘူး။ ဗျူဟာတပ်စခန်းမှာတော့ TNLA တပ်စွဲထားတာ။ ရဲစခန်းအနီးရှိတဲ့အိမ်တွေတော့ နည်းနည်းထိတဲ့ဟာတော့ရှိတယ်။ အရေအတွက်တော့ မသိသေးဘူး” ဟု ၎င်းက MPAသို့ ပြောသည်။
သဂုတ် ၅ ရက်ကလည်း စစ်ကောင်စီတပ်၏ လေကြောင်းတိုက်ခိုက်မှုကြောင့် မြို့မဈေး ဆိုင်ခန်း ၄၀၀ ကျော် မီးလောင်ပျက်စီးပြီး အရပ်သား ခြောက်ဦး သေဆုံးကာ ၁၂ ဦး ဒဏ်ရာရရှိခဲ့သည်။
၁၀၂၇ စစ်ဆင်ရေး၊ပထမပိုင်းကာလ ၂၀၂၄ခုနှစ်၊ ဇန်နဝါရီခုနှစ်ရက်တွင် ကွတ်ခိုင်မြို့ကို TNLA နှင့် ပူး ပေါင်းတပ်တို့က တိုက်ခိုက်သိမ်းပိုက်ခဲ့သည်။