By Poe Sangle / MPA
ရှမ်းပြည်နယ်တောင်ပိုင်း၊ ပအိုဝ်းဒေသ၊ ဆီဆိုင်မြို့နယ်အတွင်းရှိ စစ်ရှောင်ပအိုဝ်းအမျိုးသမီးငယ်နှစ်ဦး စစ်တပ် ပစ်ခတ်သည့် လက်နက်ကြီးထိမှန်ကာ သေဆုံးခဲ့ကြောင်း သိရသည်။
ဩဂုတ်ခြောက်ရက်ညပိုင်းတွင် စစ်ကောင်စီတပ်သည် ဆီဆိုင်မြို့အရှေ့မြောက်ဘက် ကျေးရွာများ သို့ လက်နက်ကြီးဖြင့် ပစ်ခတ်ခဲ့ရာ မီရဲ့ကျေးရွာထဲသို့ လက်နက်ကြီး ကျရောက်ပေါက်ကွဲခဲ့ပြီး ထီရီး ရွာမှ မီရဲ့ရွာသို့ စစ်ရှောင်နေသော ဆက်ကျော်သက်အရွယ် ပအိုဝ်းအမျိုးသမီးနှစ်ဦး လက်နက်ကြီး ထိမှန် သေဆုံး ခဲ့ကြောင်း ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် PNLA က သတင်းထုတ်ပြန်သည်။
“ပအိုဝ်းကျေးရွာ၊ ပအိုဝ်းဒေသကို စစ်ကောင်စီနှင့် ပြည်သူ့စစ်က လက်နက်ကြီး ရမ်းသန်းပစ်ခတ်လို့ မနေ့က စစ်ဘေးရှောင် ဒေသခံ နှစ်ဦး ထိမှန်ပြီး သေဆုံးသွားခဲ့တယ်။ မနေ့ သဂုတ်လ ခြောက်ရက် ဆီဆိုင်မြို့နယ်၊ လွယ်ထွယ်ကျေးရွာက တိုက်ပွဲမှာလည်း စစ်ကောင်စီအလောင်းဆယ်လောင်း၊ ဒရုန်း တစ်စင်း၊ လက်နက် ၁၀ လက်သိမ်းဆည်းရမိတယ်” ဟု PNLA ပြောရေးဆိုခွင့်ရှိသူ ခွန်ရိန်းယံက MPAသို့ ပြောသည်။
ဆီဆိုင်မြို့ အခြေစိုက်စစ်ကောင်စီတပ်သည် ဩဂုတ် ခြောက်ရက်တွင် ဆီဆိုင်မြို့ အရှေ့ဘက်ရှိ ကျေးရွာများအတွင်းသို့ လက်နက်ကြီးဖြင့် တမင်သက်သက်ပစ်ခတ်ခြင်းကြောင့် ကျေးရွာ ၁၀ ရွာထက်မနည်းမှ ပြည်သူ၃၀၀၀ကျော်တို့မှာ တောတောင်အတွင်းသို့ ထွက်ပြေးတိမ်းရှောင်နေရကြောင်း PNLA ကဆိုသည်။
စစ်ကောင်စီတပ်သည် ဩဂုတ်သုံးရက်မှစ၍ ဆီဆိုင်မြို့အရှေ့ဘက်ခြမ်းရှိ ပအိုဝ်းကျေးရွာများသို့ လက်နက်ကြီးဖြင့် ပစ်ခတ်နေကြောင်း သိရသည်။