By Ra Wai / MPA
ညီနောင်သုံးဖွဲ့ ထိန်းချုပ်ထားသည့် မြို့ရွာများရှိ ပြည်သူများကို လေကြောင်းမှ ဗုံးကြဲသတ်ဖြတ်နေ သည့် စစ်ကောင်စီ၏ စစ်ရာဇဝတ်မှု ကျူးလွန်နေမှုများအား တားဆီးပေးရန် တရုတ်နိုင်ငံသို့ တောင်းဆိုလိုက်သည်။
တိုက်ပွဲဖြစ်ပွားခြင်းမရှိသည့် မြို့ရွာများရှိ ဈေး၊စာသင်ကျောင်း၊ဆေးရုံ အစရှိသော လူထုအဆောက်အအုံများကို တိုက်လေယာဉ်များဖြင့် ဗုံးကြဲကာ ပြည်သူအား သတ်ဖြတ်နေခြင်းအပေါ် ဝိုင်းဝန်းတားဆီး ဟန့်တားကြပါရန် အိမ်နီးချင်း တရုတ်နိုင်ငံကို အဓိကထား ပြီး နိုင်ငံတကာမိသားစုများ အားလုံးတို့အား အထူးယုံကြည်အားကိုးစွာဖြင့် တောင်းဆိုတိုက်တွန်း အပ်ပါကြောင်း ညီနောင်သုံးဖွဲ့က ထုတ်ပြန်လိုက်သည်။
“စစ်ကောင်စီက သူတို့လုပ်နေကျအတိုင်း ရှုံးမဲမဲပြီး ညီနောင်သုံးဖွဲ့သိမ်းထားတဲ့ မြို့တွေရော PDF သိမ်းထားတဲ့မြို့တွေက ပြည်သူတွေကိုပါ ရည်ရွယ်ချက်ရှိရှိ ဗုံးကြဲသတ်ဖြတ်နေတာ တစ်ကမ္ဘာလုံးက အတိုင်းသားမြင်နေရပါတယ်။အင်အားကြီး အိမ်နီးချင်းတရုတ်ကတော့ မြန်မာပြည်သူတွေအပေါ် ဘယ်တုန်းကမှ ခေါင်းထဲမထည့်ခဲ့သူပါ။သူ့အကျိုးစီးပွားပဲသူ ခေါင်းထဲထည့်ပါတယ်။ တစ်ကမ္ဘာလုံး ကလည်း မြန်မာ့အရေးနဲ့ မြန်မာပြည်သူတွေရဲ့အသက်ကို လျစ်လျူရှုနေကြတာ ဒီနေ့အထိပါပဲ။ဘာပဲဖြစ်ဖြစ် တောင်းဆိုစရာရှိတာတော့ တောင်းဆိုရမှာပဲ” ဟု ရန်ကုန်အခြေစိုက် နိုင်ငံရေးဆောင်းပါးရှင်တစ်ဦးက MPAသို့ ပြောသည်။
စစ်ကောင်စီက မြန်မာပြည်သူများကို စိတ်တိုင်းကျသတ်ဖြတ်နေခြင်းအပေါ် နိုင်ငံတကာအသိုင်းအဝိုင်း၏ လျစ်လျူရှုမှုသည် သမိုင်းဆိုးတွင်မည်ဖြစ်ကြောင်းလည်း ၎င်းကပြော သည်။
စစ်ကောင်စီသည် တိုက်ပွဲဖြစ်ပွားခြင်းလုံးဝမရှိတော့သည့် ညီနောင်သုံးဖွဲ့ ထိန်းချုပ်ထားသော လောက်ကိုင်၊သိန္နီ၊ကွတ်ခိုင်၊နမ့်ဆန်နှင့် မြောက်ဦးမြို့နယ်များတွင် ဒေသခံပြည်သူတို့ နေထိုင်သွား လာရာ ဈေး၊ သင်ကျောင်း၊ဆေးရုံဆေးခန်းများ၊ဘာသာရေးအဆောက်အအုံများ၊တံတားများ၊မြို့၊ရွာ များကို တိုက်လေယာဉ်များပေါ်မှ ဖျက်အားပြင်းဗုံးများ ကြဲချကာ ဆက်တိုက်တိုက်ခိုက်နေခြင်း ကြောင့် ပြည်သူများ နေ့စဉ် သေဆုံးဒဏ်ရာရနေကြောင်း ညီနောင်သုံးဖွဲ့က ဆိုသည်။
စစ်ရှုံးစစ်ကောင်စီ၏ ယင်းသို့ ပြည်သူကို ပစ်မှတ်ထား ဗုံးကြဲတိုက်ခိုက်နေမှုအပေါ် ညီနောင်သုံးဖွဲ့က အပြင်းအထန်ကန့်ကွက်ရှုတ်ချကြောင်းလည်း ဆိုသည်။