By Ra Wai / MPA
မကွေးတိုင်း၊ မြိုင်မြို့နယ်မြောက်ပိုင်းရှိ ကျေးရွာများကို တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ စစ်တပ်က ၁၅ကြိမ်ထက်မနည်း လေကြောင်းမှ ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်းသိရသည်။
ဩဂုတ် ငါးရက်နှင့် ခြောက်ရက်တို့တွင် မြိုင်မြို့နယ်မြောက်ပိုင်းရှိ ကျေးရွာများကို တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ Mi-35ဖြင့် ပစ်ခတ်ခြင်း၊ ဂျက်ဖိုက်တာဖြင့် ဗုံးကြဲခြင်း၊ Y-12 ဖြင့် ကလစ်စတာဗုံးများကြဲချခြင်းတို့ကို ၁၅ကြိမ်ထက်မနည်း ပြုလုပ်ခဲ့ကြောင်း Black Cobra အဖွဲ့ထံက သိရသည်။
“ ဒီအတိုင်းလာပစ်တာ။ တိုက်ပွဲမရှိဘူး။ လူထိခိုက်မှုကတော့ မရှိဘူးဗျ” ဟု Black Cobra အဖွဲ့မှ ရဲဘော်လရောင်က MPAသို့ပြောသည်။
ဩဂုတ် လေးရက်၊ ညနေ လေးနာရီခွဲခန့်က ပခုက္ကူတပ်မ ၁၀၁မှ ထွက်လာသော အင်အား ၇၀ပါ စစ်ကောင်စီယာဉ်နှစ်စီးကို အုတ်ကန်မိုင်းတစ်လုံးဖြင့် မိုင်းဆွဲတိုက်ခိုက်ခဲ့ရာ ၁၁ဦးခန့်သေဆုံးပြီး ၂၂ဦးခန့် ဒဏ်ရာရရှိသွားကြောင်း ထို့နောက် လေကြောင်းတိုက်ခိုက်ခြင်းဖြစ်ကြောင်း သိရသည်။
“ မိုင်းတစ်လုံးတည်းနဲ့ဆွဲတာ။ အုတ်ကန်မိုင်းဆိုတော့ ကုန်ကျမှုက ၁၃၀လောက်ကုန်တယ်။ ကားကပျက်စီးတယ်။ လာပြီးတော့ ပြန်ဆွဲသွားတာ။” ဟု ၎င်းကဆက်လက်ပြောသည်။
ယင်းတိုက်ခိုက်မှုပြီးနောက် စစ်ကောင်စီယာဉ်နှစ်စီးသည် ပခုက္ကူမြို့သို့ ပြန်ဆုတ်သွားပြီး ယင်းနေရာသို့ နယ်မြေရှင်းလင်းရေးဝင်ရောက်စဉ် ကာဘိုင်ကျည်အိမ်တစ်ခု၊ ကာဘိုင်ကျည် ၁၆တောင့်၊ MG 1 လက်ပစ်ဗုံးနှစ်လုံး၊ G3 ကျည် လေးတောင့်၊ ၅.၅၆ ကျည် ခုနှစ်တောင့်၊ အီကွေ့မန့် တစ်ခုနှင့် ဂွရှင် တစ်ချောင်းတို့ သိမ်းဆည်းရရှိခဲ့ကြောင်းသိရသည်။
ယင်းတိုက်ခိုက်မှုကို Black Cobra၊ မြိုင်ပကဖနှင့် PKU Thurainအဖွဲ့တို့ ပူးပေါင်းဆင်နွှဲခဲ့ခြင်းဖြစ်ပြီး PDFရဲဘော်များ အထိအခိုက်မရှိ ပြန်လည်ဆုတ်ခွာနိုင်ခဲ့ကြောင်းသိရသည်။
စစ်ကောင်စီတပ်ဖွဲ့ဝင်များ ထိခိုက်၊ သေဆုံးမှုကို MPA အနေနှင့် သီးခြားအတည်မပြုနိုင်ပေ။