By Bala / MPA
ရှမ်းပြည်နယ်မြောက်ပိုင်း၊ ကျောက်မဲမြို့ကို တအောင်းတပ်မတော် TNLA သိမ်းပိုက်ခဲ့ပြီးနောက် ဒေသခံစစ်ရှောင်အချို့ ပြန်လည်ရွှေ့ပြောင်းလာပြီဖြစ်ကြောင်း သိရသည်။
ဩဂုတ်ငါးရက်၊ည ၁၀နာရီခွဲခန့်က ကျောက်မဲမြို့ရှိစစ်ကောင်စီတပ်များကို TNLAက အပြီးသတ် ချေမှုန်းကာ မြို့သိမ်းနိုင်ခဲ့ရာ ယနေ့(ဩဂုတ်ခြောက်ရက်)တွင် ဒေသခံစစ်ရှောင်အချို့ပြန်လည် ရွှေ့ပြောင်းလာကြောင်း ကျောက်မဲမြို့နေ ပြည်သူတစ်ဦးက ပြောသည်။
“ ကျောက်မဲကို ပြန်သွားတဲ့သူတွေရှိတယ်။ကျောက်မဲမြို့နယ်ထဲက ရွာတွေကိုတော့ ပြန်တဲ့သူများတယ်။မြို့ထဲကို ပြန်တဲ့သူတွေလည်းရှိတယ်။တချို့က တိုက်ပွဲထပ်ဖြစ်မှာ ကြောက်လို့ရှောင်နေသေးတာပေါ့။အိမ်လုံ၊မလုံပြန်ကြည့်တဲ့သူတွေတော့များတယ်” ဟု ၎င်းက MPAသို့ ပြောသည်။
ကျောက်မဲမြို့တွင် စစ်ကောင်စီတပ် လုံးဝမရှိတော့ကြောင်းနှင့် ယနေ့အထိဆက်သွယ်ရေးလိုင်းများ ပြတ်တောက်နေဆဲဖြစ်ကြောင်း ကျောက်မဲမြို့နေ ဒေသခံတစ်ဦးက ပြောသည်။
“ မြို့ထဲပြန်နေတဲ့သူတွေကို ဘာစည်းကမ်းမှ မပြောသေးဘူး။ဘာမှလည်း မထုတ်ပြန်ထားဘူး။မြို့ထဲမှာတော့ တအောင်းတပ်တွေရှိတယ်။ရန်ကင်းဘက်မှာလည်း တအောင်းတပ်တွေရှိတယ်။စစ်တပ်စခန်းတွေလည်း သိမ်းပြီးသွားပြီ။ TNLAကို ပြည်သူတွေကြိုတဲ့ပုံတက်လာတာက ထုံးဖိုဘက်က ကျောက်မဲကြီးဝန်းကျင်မှာပါ။လာကြိုတာက ပလောင်စစ်ရှောင်တွေနဲ့ကျောက်မဲဒေသခံတချို့ပါ” ဟု ၎င်းကပြောသည်။
ကျောက်မဲမြို့အခြေစိုက် စစ်ကောင်စီတပ်နှင့် စခန်းများအားလုံးကို တအာင်းတပ်မတော်(TNLA) ဦးဆောင်သည့် မဟာမိတ် ပူးပေါင်းတပ်များက သိမ်းပိုက်ခဲ့ပြီးနောက် ဒေသခံပြည်သူများက ကြိုဆိုကြကြောင်း TNLA အထွေထွေအတွင်းရေးမှူးချုပ် ဗိုလ်ချုပ်တားဘုန်းကျော်က ၎င်း၏ ဖေ့စ်ဘွတ်ခ်ပေါ် ယနေ့ မွန်းလွဲပိုင်းက ရေးသားထားသည်။