By Mandy / MPA
စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့နယ်တွင် စစ်ကောင်စီနှင့် ပျူစောထီးများ ပူးပေါင်းပြီး ကျေးရွာများသို့ စစ်ကြောင်းထိုးခဲ့မှုပြုလုပ်ခဲ့ရာ နှစ်ပတ်အတွင်း ကျေးရွာ ၁၂ရွာကို မီးရှို့ခဲ့ကြောင်း ဒေသတွင်းတော်လှန်ရေး သတင်းရင်းမြစ်များထံမှ စုံစမ်းသိရှိရသည်။
၂၀၂၄ခုနှစ်၊ ဇူလိုင် ၂၅ရက်မှ စတင်ကာ စစ်ကောင်စီနှင့် ပျူစောထီးများသည် ယနေ့(ဩဂုတ် ခြောက်ရက်)အထိ ကန့်ဘလူမြို့နယ်အတွင်း စစ်ကြောင်းထိုးမှုပြုလုပ်နေခြင်းဖြစ်သည်။
“ မြို့ရဲ့တောင်ခြမ်းကရွာတွေတော့ နေ့တိုင်းမီးရှို့ခံနေရတယ်ကြားတာပဲ၊ ပစ်ခတ်သံတွေလည်း မပြတ်မပြတ်ကြားရတယ်။ သူတို့ တပ်ထဲကလူတွေတော့ မသိဘူး။ ကိုယ်တွေတော့ ငါတို့မြို့အလှည့် ဘယ်တော့ရောက်မလဲဆိုပြီး ပြင်ဆင်ထားရတာပဲ” ဟု ကန့်ဘလူမြို့၊ အမှတ်(၅) ရပ်ကွက်မှ အသက် ၅၀ခန့်အရွယ် အမျိုးသားတစ်ဦးက ဆိုသည်။
ကန့်ဘလူမြို့နယ်၌ အမှတ် (၆၀၀၆) တင့်ကားတပ်ရင်းရှိပြီး စစ်ကောင်စီတပ်ဖွဲ့ဝင်အား၊ ပျူစောထီးအင်အား အလုံးအရင်းဖြင့် အခြေစိုက်ထားဆဲမြို့ဖြစ်သဖြင့် တော်လှန်ရေးတပ်ဖွဲ့များ အချိန်မရွေး ထိုးစစ်ဆင်လာနိုင်သည့် ပစ်မှတ်တစ်ခုလည်းဖြစ်သည်ဟု ၎င်းက ဆိုသည်။
“ဇူလိုင် ၂၅ ရက်နေ့ကစပြီး ဒီနေ့အထိ နှစ်ပတ်အတွင်း စစ်ကောင်စီ တပ်သားများနဲ့ ပျူစောထီးပူးပေါင်းအဖွဲ့များရဲ့ စစ်ကြောင်းထိုး မီးရှို့ဖျက်ဆီးမှုတွေကြောင့် ကန့်ဘလူတောင်ခြမ်းမှာရှိတဲ့ ကျေးရွာ ၁၂ ရွာ မီးရှို့ဖျက်ဆီးခံခဲ့ရပြီးပြီ” ဟု ကန့်ဘလူခရိုင်တွင်း သတင်းများကို မျှဝေလေ့ရှိသော Infinity Group မှ ကိုအနန္တကဆိုသည်။
ထို့ပြင် ကန့်ဘလူမြို့ရှိ တင့်ကားတပ်ရင်း (၆၀၀၆) ၊ ခြေမြန်တပ်ရင်း ခမရ-၃၆၁၊ ဇီးကုန်းသကြားစက် အထိုင်စခန်းနှင့် ဇူလိုင် ၂၇ရက်နေ့မှစတင်ကာ စစ်တပ် အထိုင်ချထားသော မင်းကုန်းရွာ အထိုင်ချစခန်းတို့မှ အနီးပတ်ဝန်းကျင် ကျေးရွာများသို့ လှည့်လည်စစ်ကြောင်းထိုး မီးရှို့နေခြင်းဖြစ်ပြီး နှစ်ပတ်အတွင်း ကျေးရွာ ၁၂ရွာမှ အိမ်ခြေ ၈၀၀နီးပါး မီးရှို့ဖျက်ဆီးခံခဲ့ရသည်ဟု ဒေသတွင်း သတင်းရင်းမြစ်များက ဆိုသည်။
မီးရှို့ဖျက်ဆီးခံရသော ကျေးရွာများမှာ မင်းကုန်း(မဂုံး)၊ မဲသည်၊ ရှမ်းတပ်၊ သရက်ခေါင်း၊ ညောင်ဇင်ကြီး၊ ကိုးမြို့၊ တောင့်တည်းကုန်း၊ ပေလည်၊ ဘိုကုန်း၊ ဘိုတဲကုန်း၊ ဆူးပုတ်ကုန်း၊ သပြေသာလေး ကျေးရွာများဖြစ်သည်။
ယင်းအပြင် ဇူလိုင် ၃၁ရက်ကလည်း ခမရ-၃၆၁ တပ်ရင်းမှ စစ်ကောင်စီတပ်သားများနှင့် ပျူစောထီး စုစုပေါင်း အင်အား ၁၂၀ ခန့်သည် ညောင်ပေါင်ရင်းရွာသို့ ဝင်ရောက်ကာ စစ်ရှောင်တဲများကို မီးရှို့ဖျက်ဆီးခဲ့သေးသည်။
“တော်လှန်ရေးအင်အားစုတွေရဲ့ စိုးမိုးနယ်မြေရဖို့ တော်လှန်ရေးအင်အားစုတွေကို ထောက်ပံ့ပေးဖို့နဲ့ NUG က လက်နက်ခဲယမ်းတွေ တပ်ဆင်ပေးဖို့ လိုအပ်တယ်။ လက်ရှိ ကန့်ဘလူရဲ့ သုံးပုံနှစ်ပုံက စစ်ကောင်စီထိန်းချုပ်နယ်မြေတွေဖြစ်တယ်” ဟု ကန့်ဘလူခရိုင်အထူးလှုပ်ရှားရေးအဖွဲ့မှ ဗိုလ်ပိုင်ချဲက MPA ကိုပြောသည်။
ပြီးခဲ့သည့် ဇူလိုင် ၂၄ရက်က ဗိုလ်ပိုင်ချဲပါဝင်သော ကန့်ဘလူခရိုင်အထူးလှုပ်ရှားရေးအဖွဲ့နှင့် JH(KU) ပူးပေါင်းအဖွဲ့တို့သည် ကန့်ဘလူမြို့နယ်၊ ကျီကုန်းရွာ လမ်းတံတားပေါ်၌ ယာယီတပ်စွဲထားသော စစ်ကောင်စီတပ်နှင် ပျူစောထီး ပူးပေါင်းအဖွဲ့အား တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီဘက်က ၁၆ဦးထက်မနည်းသေဆုံးခဲ့ပြီး MA 1 -တစ်လက်၊ G3- သုံးလက်၊ ကာဘိုင်-၁၀လက်၊ 79- တစ်လက် စုစုပေါင်း ၁၆လက်ရရှိခဲ့သည်။
ထိုကဲ့သို့ တိုက်ခိုက်ခံခဲ့ရမှုကြောင့် စစ်ကောင်စီတပ်သည် ကျီကုန်းရွာကို အင်အားထပ်မံဖြည့်တင်းမှုများ ပြုလုပ်ခဲ့ကြောင်း ဗိုလ်ပိုင်ချဲက ရှင်းပြသည်။
၁၀၂၇ စစ်ဆင်ရေး ဒုတိယလှိုင်းနှင့်အတူ တော်လှန်ရေးတပ်များက မြို့သိမ်းတိုက်ပွဲများ ဆက်တိုက်ဆင်နွှဲနေမှုကြောင့် ကန့်ဘလူမြို့နယ်တွင်လည်း စစ်ကောင်စီတပ်က နယ်မြေစိုးမိုးမှုရရှိနိုင်ရန် အထိုင်စခန်းများကို အင်အားတိုးကာ ခံစစ်ပြင်ထားကြောင်း သတင်းရင်းမြစ်များထံမှ သိရသည်။
ထို့ပြင် စစ်ကောင်စီသည် ကန့်ဘလူ-စံပယ်နံ့သာလမ်းကြောတစ်ခုလုံးအား ထိန်းချုပ်နိုင်ရန် ၎င်းလမ်းပိုင်းပေါ်ရှိ ဝက်ပုတ်ရွာကို ဇူလိုင် ၁၆ရက်မှစတင်ပြီး အထိုင်ချစခန်းအဖြစ်ပြုလုပ်ခဲ့ကာ ဇူလိုင်လ နောက်ဆုံးပတ်တွင် မင်းကုန်းရွာနှင့် ညောင်ဇင်ကြီးရွာတို့ကိုပါ အထိုင်စခန်းအဖြစ် တိုးချဲ့လိုက်ကြောင်း တော်လှန်ရေးတပ်ဖွဲ့များက ဆိုသည်။
“မင်းကုန်းကျေးရွာဟာ ပျူစောထီးအားကောင်းရာကျေးရွာတွေဖြစ်တဲ့ ထန်းကုန်းစံပြရွာနဲ့ လေးမိုင်အကွာ၊ ညောင်ဇင်၊သင်ပေါင်းကျင်း၊ ဒါန်းပင်ရွာတွေနဲ့ သုံးမိုင်အကွာမှာရှိတဲ့ စစ်ကောင်စီအနေနဲ့ ရေရှည်အထိုင်ချတပ်စွဲကာ နယ်မြေစိုးမိုးမှုယူနိုင်ရန် စစ်ရှောင်ကျေးရွာ ၁၆ရွာအပြင် ကန့်ဘလူမြို့နယ် တောင်ခြမ်းမှာရှိတဲ့ ကျေးရွာအားလုံးနီးပါး စားဝတ်နေရေး၊ လမ်းပန်းဆက်သွယ်ရေး ခက်ခဲလာမှာဖြစ်တယ် ” ဟု ကိုအနန္တက ဆိုသည်။
ကန့်ဘလူမြို့နယ်သည် တော်လှန်ရေးအင်အားစုများ၏ စိုးမိုးနယ်မြေ ၂၅ရာခိုင်နှုန်းခန့်သာရှိပြီး စစ်ကောင်စီနှင့် ပျူစောထီးတို့၏ စိုးမိုးနယ်မြေသည် ၇၅ ရာခိုင်နှုန်းခန့်ရှိသောမြို့နယ်တစ်ခုဖြစ်သည်။
၂၀၂၄ခုနှစ် မေလအထိ စာရင်းများအရ ကန့်ဘလူမြို့နယ်တွင် စစ်ကောင်စီတပ်သားများအပြင် ပျူစောထီးအဖွဲ့ဝင် ၅၀၀၀ကျော်ရှိခဲ့ပြီး ပျူစောထီးခေါင်းဆောင် ဘုန်းကြီးဦးဝါသ၀က စစ်မှုထမ်းဥပဒေဖြင့် အဓ္ဓမလူသစ်စုဆောင်းခြင်းများကြောင့် ပျူစောထီးအင်အား အဆမတန်တိုးများလာခဲ့သည်ဟု တော်လှန်ရေးသတင်းရင်းမြစ်များထံမှ သိရသည်။
လက်ရှိ ကန့်ဘလူမြို့တောင်ခြမ်းသို့ စစ်ကောင်စီနှင့် ပျူစောထီးများက နေ့စဉ်စစ်ကြောင်းထိုးမှုများပြုလုပ်လျက်ရှိနေခြင်းကြောင့် တော်လှန်ရေးတပ်ဖွဲ့များနှင့် ထိတွေ့တိုက်ပွဲများဖြစ်ပွားနေကာ ကျေးရွာ ၁၆ရွာမှ ဒေသခံ ၂၀၀၀၀ကျော် စေဘေးရှောင်နေရကြောင်း သိရသည်။