By Nway / MPA
မန္တလေးတိုင်း၊ မြင်းခြံမြို့အနောက်ဘက်အထွက်ရှိ ရွှေညောင်ပင်ဂိတ်ကို ဒေသခံကာကွယ်ရေးတပ်ဖွဲ့များက ဝင်ရောက်တိုက်ခိုက်ခဲ့ရာ ပျူစောထီး ၁၀ဦး ဒဏ်ရာရရှိကြောင်း သိရသည်။
ယနေ့ (ဩဂုတ် ၆ရက်) နံနက် ငါးနာရီခန့်တွင် ရွှေညောင်ပင်ဂိတ်ကို ဒေသခံကာကွယ်ရေးတပ်ဖွဲ့များက ဝင်ရောက်တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး ဒဏ်ရာရသူများအနက် သုံးဦးမှာ ခွဲစိတ်ခန်းထဲ ရောက်နေကြောင်း မြင်းခြံလူထုလှုပ်ရှားကော်မတီထံက သိရသည်။
“ မနက်အစောကြီး ဝင်တိုက်တာ။ ဘယ်အဖွဲ့တွေလည်း မသိသေးဘူး။ ပျူ ၁၀ဦး ဒဏ်ရာရပြီး မြင်းခြံဆေးရုံတင်ထားရတယ်။ ဒီထဲက သုံးယောက်က ခွဲစိတ်ခန်းဝင်နေတယ်လို့ သိရတယ်” ဟု မြင်းခြံလူထုလှုပ်ရှားကော်မတီမှ တာဝန်ရှိသူတစ်ဦးက MPA သို့ ပြောသည်။
မြင်းခြံမြို့အခြေစိုက် စစ်သားများကို မတ္တရာမြို့နယ်သို့ ပို့ဆောင်ထားခြင်းကြောင့် မြင်းခြံမြို့ရှိ စစ်ကောင်စီအထိုင်ချဂိတ်များတွင် တပ်သားအင်အားနည်းပါးလျက်ရှိကြောင်း သိရသည်။
“ ရွှေညောင်ပင်ဂိတ်ဆို အရင်က စစ်သားတွေရှိတယ်။ ခုဆို ပျူတွေပဲရှိတော့တယ်။ မြို့ထဲက အထိုင်ချဂိတ်တွေလည်း အရင်လောက် အင်အားမရှိတော့ဘူး” ဟု ၎င်းက ဆက်လက်ပြောသည်။
ရွှေညောင်ပင်ဂိတ်သည် မြင်းခြံမြို့ အမှတ်ခြောက်ရပ်ကွက်နှင့် လေးအိမ်တန်းရွာကြား၊ မြို့၏ အနောက်ဘက် ဧရာဝတီမြစ်သို့ ဆင်းသည့်လမ်းပေါ်၌ တည်ရှိသည်။
ယင်းတိုက်ခိုက်မှုနှင့် ပတ်သက်၍ သက်ဆိုင်ရာကာကွယ်ရေးတပ်ဖွဲ့များက သတင်းထုတ်ပြန်ခြင်းမရှိသေးပေ။
ပျူစောထီးတို့ ဒဏ်ရာရမှုအပေါ် MPAအနေနှင့် သီးခြားအတည်မပြုနိုင်ပေ။