By Ra Wai / MPA
မန္တလေးမြို့ပေါ်ရှိ စစ်ကောင်စီခန့် အမျိုးသမီးအုပ်ချုပ်ရေးမှူးနှင့်ညီမဖြစ်သူတို့ သေနတ်ဖြင့် ပစ်ခတ်ခံရပြီး သေဆုံးသွားကြောင်း သိရသည်။
ယနေ့ (ဩဂုတ်ခြောက်ရက်) နံနက်ခုနှစ်နာရီခွဲခန့်တွင် မန္တလေးမြို့၊အောင်မြေသာစံမြို့နယ်၊ မေဃဂီရိ ရပ်ကွက်၊ ၁၈လမ်းနှင့် ၈၂လမ်းထောင့်တွင် မေဃသီရိရပ်ကွက်အုပ်ချုပ်ရေးမှူး ဖြိုးသန္တာအောင်နှင့် ၎င်း၏ ညီမဖြစ်သူ ခင်ဖုန်းဆုတို့ သေနတ်ဖြင့် ပစ်ခတ်ခံရပြီး သေဆုံးသွားကြောင်း ဒေသတွင်းတော်လှန်ရေးစာမျက်နှာ MDY Revolution က သတင်းထုတ်ပြန်သည်။
“ဆိုင်ကယ်နဲ့ လာပစ်သွားတာ။ အုပ်ကြီးမက ကားပေါ်ထိုင်နေတုန်း အပစ်ခံရတာ။သူ့ညီမက ကားပေါ်မှာ မဟုတ်ဘူး။ဈေးဝယ်နေတယ်လို့ပြောတယ်။ ဒီလိုကာလမျိုးမှာ အုပ်ကြီးလုပ်ပြီး စစ်တပ်ဘက်ကနေ အရမ်းတက်ကြွပြနေတော့ ခံရတာပဲ။စစ်တပ် ကခိုင်းတာ အကုန်လုပ်တယ်။စစ်မှုထမ်းခေါ်တယ်ဆိုလည်း ထိပ်ဆုံးကနေ လူစုပေးတယ်။ လူရှာပေး တယ်။ဖမ်းပေးတယ်ဆိုတော့ ကိုယ့်အသက်ကိုယ် ဘယ်လိုမွေးရမလဲဆိုတာ မသိတော့ သေတာပဲ” ဟု အောင်မြေသာစံမြို့နယ်နေ ပြည်သူတစ်ဦးကပြောသည်။
မန္တလေးမြို့တွင် လုံခြုံရေးတင်းကျပ်ထားသည့်အချိန်ဖြစ်၍ သတိပေါ့လျော့နေချိန်၌ ပစ်ခတ်ခံရခြင်း ဖြစ်ကြောင်း မန္တလေးမြို့အခြေစိုက် ရဲအရာရှိတစ်ဦးက ပြောသည်။
“သူ့ကို အနေအထိုင်သတိထားဖို့ သတိပေးကြတာရှိတယ်။ဘာလို့လဲဆိုတော့ သူ( ဖြိုးသန္တာ အောင်)က ပြည်သူတွေ မျက်စိနောက်တဲ့အထိ စစ်တပ်ဘက်ကနေ အလုပ်လုပ်ပြပြီး မောက်မာလွန်းတာကိုး။အခု အပစ် ခံရတဲ့နေရာက စစ်သားတွေ ရှိနေတဲ့နေရာနဲ့ မဝေးဘူး” ဟု ၎င်းက ပြောသည်။
ပစ်ခတ်မှုဖြစ်ပွားပြီးနောက် အခင်းဖြစ်ပွားရာ နေရာဝန်းကျင်ကို စစ်တပ်က ပိတ်ဆို့စစ်ဆေးခဲ့သော် လည်း ဖမ်းဆီးခံရသူမရှိကြောင်း ၎င်းက ဆက်လက်ပြောသည်။
သေဆုံးသွားသည့် အုပ်ချုပ်ရေးမှူးသည် စစ်မှုထမ်းရန် လူငယ်များ ဖမ်းဆီးပေးခြင်းနှင့် စစ်ကောင်စီ သတင်းပေးလုပ်ခြင်းတို့ကြောင့် စစ်ကောင်စီပေးသည့် ဆုရထားကြောင်း MDY Revolution က ဆို သည်။
ယခုပစ်ခတ်မှုနှင့်ပတ်သက်၍ မည်သည့်အဖွဲ့က လုပ်ဆောင်သလဲဆိုသည်ကို သတင်းထုတ်ပြန်ခြင်း မရှိသေးပေ။
တော်လှန်ရေးတပ်တို့၏ ထိုးစစ်သည် မန္တလေးမြို့အနီးရှိ မတ္တရာနှင့် ပုသိမ်ကြီးမြို့နယ်သို့ ရောက်ရှိနေပြီဖြစ်၍ မန္တလေးမြို့အဝင်နေရာများတွင်ရော မြို့တွင်း၌ပါ လုံခြုံရေး တင်းကျပ်လျက်ရှိ သည်။