By Hlaing / MPA
ကချင်ပြည်နယ်၊ မိုးညှင်းခရိုင်၊ ဖားကန်းမြို့နယ်တွင် စစ်ကောင်စီက ဖုန်းလိုင်းနှင့် အင်တာနက်လိုင်းများကို ဖြတ်တောက်ထားသည့် Wifi ရရှိသည့် နေရာများတွင် အင်တာနက်အသုံးပြုခ တစ်နာရီ သုံးသောင်းကျပ်ထိ ဖြစ်နေကြောင်း ဒေသခံများထံမှ စုံစမ်းသိရှိရသည်။
၂၀၂၄ခုနှစ်၊ ဇူလိုင် ၂၁ရက်မှ စတင်ကာ ယနေ့(ဩဂုတ် ခြောက်ရက်)ထိ ကချင်ပြည်နယ်၏ မြို့တော် မြစ်ကြီးနားမြို့အပါအဝင် ဗန်းမော်၊ မိုးမောက်၊ ဝိုင်းမော်၊ ဖားကန့်၊ မိုးညှင်း၊ မိုးကောင်း၊ ဟိုပင်နှင့် ရွှေကူမြို့နယ်တို့တွင် ၁၇ ရက်အကြာ ဖုန်းလိုင်း၊ မိုဘိုင်းအင်တာနက်လိုင်းနှင့် ဖိုက်ဘာအင်တာနက်လိုင်းများ ပြတ်တောက်နေခြင်း ဖြစ်သည်။
အဆိုပါ အင်တာနက်ပြတ်တောက်နေသည့် မြို့နယ်များအနက် ဖားကန့်မြို့နယ်ရှိ ပြည်သူများမှာ IP Star နှင့် Star Links Wifi (ဂြိုဟ်တုဝိုင်ဖိုင်)များ တပ်ဆင်ထားသည့် ဆိုင်များ၌ အင်တာနက်အသုံးပြုခ တစ်နာရီလျှင် ၃၀၀၀၀ ကျပ်ပေး၍ အသုံးပြုနေရခြင်း ဖြစ်သည်။
“ အင်တာနက်လိုင်းတွေ စပြီး ပြတ်ကာစက လိုင်းသုံးဖို့ကို တုံကင်စနစ်နဲ့ တန်းစီပြီးစောင့်ရတာ၊ သုံးရက်ခြားမှတစ်ခါ ကိုယ့်အလှည့်ရောက်တာ၊ အခုတော့ တစ်ပတ်ကြာမှ ကိုယ့်အလှည့်ရောက်တာ ဖြစ်သွားပြီ။ ကိုယ့်တုံကင်က မနက်အစောဖြစ်နေလည်း သုံးချင်တော့ အစောအိပ်ရာထရတာပဲ” ဟု ဖားကန့်ဒေသခံ အမျိုးသားတစ်ဦးက MPA သို့ ပြောသည်။
လက်ရှိတွင် ဖားကန့်မြို့တွင်း၊ လုံးခင်းနှင့် ဆိုင်းတောင်ရပ်ကွက်ရှိ IP Star နှင့် Star Links wifi ဆိုင်များတွင် အင်တာနက်အသုံးပြုနိုင်ကြောင်း သိရသည်။
ဆက်သွယ်ရေးလိုင်းများ ပြတ်တောက်နေမှုကြောင့် ဇာတိမြေ ဖားကန့်မြို့ရှိ မိသားစုများနှင့်လည်း ဆက်သွယ်၍ မရကြောင်း မန္တလေးမြို့တွင် စီးပွားရေးလုပ်ငန်းလုပ်ကိုင်နေသူ မမွန်က ဆိုသည်။
“ ကျမဘက်ကနေလည်း ဖုန်းခေါ်လို့မရဘူး။ အင်တာနက်ကနေ စကားပြောရင်လည်း လိုင်းမကောင်းတာနဲ့ သေသေချာချာ မပြောဖြစ်ဘူး။ အရင်တစ်ပတ်ကလည်း ကျမက လိုင်းပေါ်မရှိလိုက်လို့ စကားမပြောလိုက်ရဘူး” ဟု ၄င်းက ဆိုသည်။
ထို့ပြင် ရက်ရှည်အင်တာနက်ပြတ်တောက်မှုကြောင့် အွန်လိုင်းကိုအသုံးပြု၍ စီးပွားရေးလုပ်ကိုင်ကြသူများ၊ အွန်လိုင်းမှတစ်ဆင့် ပညာလေ့လာနေကြသည့် ကျောင်းသား၊ ကျောင်းသူများနှင့် ငွေလွှဲ၊ ငွေထုတ်လုပ်ငန်း လုပ်ကိုင်ကြသူများမှာလည်း အခက်အခဲများစွာ ကြုံတွေနေ့ရသည်။
“ ကျောက်ကုန်သည်တွေရော၊ တခြားအလုပ်တွေရောက အွန်လိုင်းကနေ ငွေလွှဲ၊ ငွေထုတ်လုပ်ရတာပဲလေ၊ အင်တာနက်မရတော့ K-Pay ဆို လုံးဝ ဝင်လို့မရဘူး။ လိုင်းရတဲ့ဘက်ကလည်း လွှဲမရဘူး။ ဖားကန့်မှာ တစ်သိန်းကို ၅ရာခိုင်နှုန်း ယူတဲ့ဆိုင်တွေ၊ ၁၀ရာခိုင်နှုန်းလည်း ယူနေကြတာ၊ ဒါပေမဲ့လည်း လိုချင်သလောက်ထုတ်မရ၊ ထည့်မရဘူး” ဟု ဖားကန့်ဒေသခံနှင့် နီးစပ်သူတစ်ဦးက ပြောသည်။
ထိုကဲ့သို့ ဖုန်းနှင့် အင်တာနက်လိုင်းပြတ်တောက်မှုများကြောင့် နောက်ဆက်တွဲ အကျိုးဆက်ပြသနာများဖြစ်သည့် သတင်းအချက်အလက် စီးဆင်းမှုမရှိခြင်း၊ လိုအပ်သော ကုန်ပစ္စည်းများမှာယူ၍ မရခြင်း၊ စားသောက်ကုန်ပစ္စည်းများ စျေးတက်လာခြင်းနှင့် စက်သုံးဆီစျေးများလည်း မြင့်တက်လာခဲ့သည်။
“ အခုခေတ်က အွန်လိုင်းခေတ်ဆိုတော့ အကုန်အွန်လိုင်းကနေပဲ အလုပ်လုပ်ရတဲ့အခါမှာ အင်တာနက်မရမှတော့ အရောင်းအဝယ်သမားတွေလည်း ခက်ကုန်ကြပြီ။ အခြေခံလူတန်းစားတွေအထိ ရိုက်ခတ်ကုန်တာ” ဟု ဖားကန့်ဒေသခံတစ်ဦးက ဆိုသည်။
ကချင်ပြည်နယ်အတွင်း အင်တာနက်လိုင်းများ ပြတ်တောက်နေမှုနှင့် ပတ်သက်၍ ဖုန်းအော်ပရေတာများထံ ဆက်သွယ်မေးမြန်းခဲ့ရာ လိုင်းပြင်ဆင်မှုများရှိနေသည့်အတွက် ပြတ်တောက်နေခြင်းဆိုသည်မှလွဲ၍ တိကျသေချာသည့် အဖြေမပေးနိုင်ကြဘဲ၊ ပြည်သူများအကြားတွင်မူ ဆက်သွယ်ရေး မြေအောက်ကေဘယ်ကြိုးပျက်စီးမှုကြောင့်ဟူ၍လည်း ပျံ့နှံ့လျက် ရှိနေသည်။
စစ်ကောင်စီ အာဏာသိမ်းခဲ့သည့် ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီ တစ်ရက်မှစ၍ လက်ရှိအချိန်ထိ သုံးနှစ်ကျော်ကာလအတွင်း အင်တာနက်သုံးစွဲမှုများကိုဖြတ်တောက်ခြင်း၊ မိုဘိုင်းနှင့် ဝိုင်ဖိုင်အင်တာနက်လိုင်း သုံးစွဲခများကို တိုးမြှင့် ကောက်ခံခြင်း၊ ဝိုင်ဖိုင်ကြိုးများကို ဖြတ်တောက်ခြင်းနှင့် VPN (Virtual Private Netwotk) များ ပိတ်ပင်ခြင်းတို့ကို လုပ်ဆောင်ခြင်းများ အပါအဝင် လူ့အခွင့်အရေးချိုးဖောက်မှုများစွာကို ပြောင်ပြောင်တင်းတင်း လုပ်ဆောင်နေဆဲပင်ဖြစ်သည်။