By Nway / MPA
၂၀၂၄ ခုနှစ် ခုနှစ်လတာအတွင်း စစ်ကောင်စီကြောင့် အမျိုးသမီး ၃၈၀ သေဆုံးခဲ့ကြောင်း နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း(AAPP)က သတင်းထုတ်ပြန်သည်။
၂၀၂၄ခုနှစ်၊ ဇန်နဝါရီတစ်ရက်မှ ဇူလိုင်၃၁ရက်အထိ နိုင်ငံတစ်ဝန်းရှိ အမျိုးသမီး ၃၈၀ သေဆုံးကြောင်း ကို အမည်နှင့်တကွ အတည်ပြုနိုင်ခဲ့ခြင်းဖြစ်ကြောင်း AAPPက ဆိုသည်။
“ သေဆုံးအမျိုးသမီး ၃၈၀ ဦးမှာ ၁၇၉ ဦးက လက်နက်ကြီး ပစ်ခတ်မှုကြောင့် အများဆုံးသေဆုံးခဲ့ပြီးစစ်ကိုင်းတိုင်းက ၁၁၁ ဦးနဲ့ သေဆုံးမှု အများဆုံးဒေသဖြစ်ပါတယ်” ဟု AAPP တာဝန်ရှိသူတစ်ဦးက MPA သို့ပြောသည်။
ယင်းခုနှစ်လတာအတွင်း အမျိုးသမီး ၁၂၃ဦးကို စစ်ကောင်စီက နိုင်ငံရေးအရ ဖမ်းဆီးခဲ့ပြီး ယင်းအထဲမှ ၁၂၂ဦးမှာ လက်ရှိအချိန်ထိ ထိန်းသိမ်းခံထားရဆဲဖြစ်သည်။
နိုင်ငံတစ်ဝန်းရှိ ဖမ်းဆီးထိန်းသိမ်းခံထားရသော နိုင်ငံရေးအကျဉ်းသူများအနေဖြင့် စတင်ဖမ်းဆီးခံရချိန်မှ စစ်ကြောရေးနှင့် အကျဉ်းထောင်အတွင်း နေထိုင်ဖြတ်သန်းရမှု ကာလများ၌ အာဏာပိုင်များ၏ မတရားညှဉ်းပန်းနှိပ်စက်မှုများအပါအဝင် အသက်အန္တရာယ်ထိခိုက်စေသော တရားလက်လွတ်ပြုမူမှုများနှင့် နေရာပြောင်းရွှေ့မှုများကို ရင်ဆိုင်ကြုံတွေ့နေကြရကြောင်း ပြီးခဲ့သည့် ဇူလိုင် ၂၁ ရက်တွင် အင်းစိန်အကျဉ်းထောင်ရှိ နိုင်ငံရေးအကျဉ်းသူများကို ပဲခူးတိုင်း၊ ဒိုက်ဦးအကျဉ်းထောင်သို့ ထောင်ပြောင်းရွှေ့မှုများ ပြုလုပ်ခဲ့ရာ နိုင်ကျဉ်းအမျိုးသမီး ၅၈ ဦး ထောင်ပြောင်းရွှေ့ခံရမှုကို အမည်နှင့်တကွ အချက်အလက်ကောက်ခံ ရရှိခဲ့ကြောင်း AAPPက ထုတ်ပြန်သည်။