ပြီးခဲ့သည့် သီတင်းပတ်က မိန်းကလေးငယ်သုံးဦး ဓားဖြင့်ထိုးသတ်ခံရမှုနှင့် ပတ်သက်၍ ဗြိတိန် နိုင်ငံတစ်ဝန်းရက်များစွာကြာ အဓိကရုဏ်းများဖြစ်ပွားနေစဉ် အဓိကရုဏ်းဆင်နွှဲသူများအား ပြင်းပြင်းထန်ထန် အပြစ်ပေးသွားမည်ဟု ဝန်ကြီးချုပ် ကီယာစတာမာက ဩဂုတ် ၅ ရက်က ကြွေးကြော်လိုက်သည်။
နှစ်များစွာအတွင်း အဆိုးရွားဆုံးကြုံတွေ့နေရသည့် မိမိတို့မြင်တွေ့ဖူးသမျှအဓိကရုဏ်းတွင် အဆိုးရွားဆုံးဖြစ်ကြောင်း ဗြိတိန်ရဲမှူးကြီးတစ်ဦးက ပြောကြားသည်။
ပြီးခဲ့သည့် သီတင်းပတ်က နိုင်ငံတစ်ဝန်း မြို့များစွာတွင် အကြမ်းဖက်မှုများ ဖြစ်ပွားခဲ့ပြီးနောက် အထူးရဲတပ်ဖွဲ့တစ်ဖွဲ့ ဖွဲ့စည်းပြီး နှိမ်နှင်းမှုများ ပြုလုပ်သွားမည် ဖြစ်ကြောင်း ဝန်ကြီးချုပ် ကီယာ စတာမာက ကြွေးကြော်ပြီး ဖမ်းဆီးထားသည့် ရာနှင့်ချီသော လူများအား ဥပဒေအတိုင်း အရေးယူရန်တရားရေးဌာနက အရှိန်မြှင့်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ပြောကြားသည်။
“ဒါက ဆန္ဒပြတာမဟုတ်တော့ပါဘူး။အကြမ်းဖက်မှု စစ်စစ် ဖြစ်ပါတယ်။ ဗလီတွေ ဒါမှမဟုတ် ကျွန်တော်တို့ရဲ့ မွတ်စလင် အသိုင်းတွေအပေါ် တိုက်ခိုက်နေတာတွေကို ကျွန်တော်တို့ သည်းခံမှာ မဟုတ်ပါဘူး” ဟု ကီယာ စတာမာက ပြောကြားသည်။
လူရာပေါင်းများစွာပါဝင်သည့် ဆန္ဒပြပွဲများနှင့် အဓိကရုဏ်းများကြောင့် ဗြိတိန် နိုင်ငံ၏မြို့များစွာတွင် ဝရုန်းသုန်းကား အခြေအနေများ ဖြစ်ပေါ်နေပြီး လူရာပေါင်းများစွာကို ရဲတပ်ဖွဲ့ကဖမ်းဆီးထားသည်။
အုတ်ခဲများ၊ ပုလင်းများ သစ်သားတုတ်များဖြင့် တိုက်ခိုက်ခံရသဖြင့် ပြီးခဲ့သည့် ခြောက်ရက် အတွင်း ရဲတပ်ဖွဲ့ဝင်ဒါဇင်ပေါင်းများစွာ ဒဏ်ရာရရှိပြီး ဆေးရုံတင် ကုသပေးနေရကြောင်း ဗြိတိန် ရဲတပ်ဖွဲ့က ပြောကြားသည်။
ရွှေ့ပြောင်းနေထိုင်သူများ နေထိုင်သော ဟိုတယ်များကိုလည်း လူရမ်းကားများက တိုက်ခိုက် ဖျက်ဆီးခဲ့ကြသောကြောင့် ရဲတပ်ဖွဲ့က ဖြိုခွင်းခဲ့ရသည်။
ဆောက်သ်ပို့သ်မြို့ရှိ အကသင်ကျောင်းတစ်ခုတွင်း မိန်းကလေးငယ်သုံးဦး ဓားဖြင့်ထိုးခံရသဖြင့် သေဆုံးခဲ့ပြီးနောက် ဖြစ်ပေါ်လာသော အကြမ်းဖက်မှုများသည် အွန်လိုင်းမှ သတင်းအမှားများကြောင့် ပိုမိုဆိုးရွားလာခဲ့ကြောင်း ကီယာ စတာမာက ပြောကြားသည်။
တိုက်ခိုက်ရေး သမားဟု သံသယရှိသူသည် မကြာခင်က ဗြိတိန်နိုင်ငံသို့ ရောက်ရှိလာခဲ့သည့် အစွန်းရောက် အစ္စလာမ်မစ်တစ်ဦးဖြစ်ကြောင်း အွန်လိုင်းတွင် သတင်းအမှားများပျံ့နှံ့နေကြောင်း ရိုက်တာ သတင်းဌာနက ဖော်ပြထားသည်။
သို့သော် ဓားဖြင့်ထိုးပြီး တိုက်ခိုက်ခဲ့သူမှာ ရဝမ်ဒါနိုင်ငံသား မိဘနှစ်ပါးမှ ဝေးလ်စ်တွင် မွေးဖွားသော ၁၇ နှစ်အရွယ် ယောကျ်ားလေးဖြစ်ကြောင်း ရဲတပ်ဖွဲ့ကဖော်ထုတ်ထားပြီး အကြမ်းဖက် တိုက်ခိုက်မှု မဟုတ်ကြောင်း ပြောဆိုထားပြီဖြစ်သည်။
ဗြိတိန် နိုင်ငံတွင် အသက် ၁၈ နှစ်အောက် သံသယရှိသူများ၏ အမည်ကို လူသိရှင်ကြားဖော်ပြလေ့ မရှိသော်လည်း နောက်ထပ်သတင်းအမှားများ မပျံ့နှံ့စေရေး ယခုအမှုတွင် သံသယရှိသူ မည်သူ ဖြစ်ကြောင်း ထုတ်ပြန်ရေး တရားသူကြီးက ညွှန်ကြားထားကြောင်း သိရသည်။