By Maung Dagon / MPA
အရှေ့မြောက်တိုင်း စစ်ဌာနချုပ်(ရမခ) အသိမ်းခံရသဖြင့် စစ်ကောင်စီထောက်ခံသူများကပင် ဝေဖန်မှုများပြုလုပ်ပြီး နုတ်ထွက်ပေးရန် တောင်းဆိုခံနေရသည့် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က တရားသောစစ်အောင်မြင်မည်ဟု ယနေ့(ဩဂုတ် ငါးရက်) ညပိုင်းတွင် နိုင်ငံပိုင်ရုပ်သံများမှ တစ်ဆင့် ပြောကြားခဲ့သည်။
ရမခအား MNDAA ပူးပေါင်းတပ်ဖွဲ့များ သိမ်းပိုက်နိုင်ခဲ့ရာ စစ်တပ်သမိုင်းတစ်လျှောက် အရှက်ရစရာ ဖြစ်ရပ်ဟု စစ်တပ်ထောက်ခံသူများက ခံယူနေကြပြီး စစ်ရှုံးမှုအတွက် စစ်ကောင်စီခေါင်းဆောင်ဖြစ်သူ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်အနေဖြင့် ရာထူးမှနုတ်ထွက် ပေးရန် လူမှုကွန်ရက်စာမျက်နှာများ၌ တောင်းဆိုမှုများထွက်ပေါ်လာပြီးနောက် ၎င်းက နိုင်ငံပိုင်ရုပ်သံများမှ တစ်ဆင့် မိန့်ခွန်းပြောကြားမှုပြုလုပ်ခဲ့ခြင်းဖြစ်သည်။
ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်၏ မိန့်ခွန်းသည် ၂၅မိနစ် နီးပါးကြာမြင့်ပြီး EROs များ PDF နှင့် တော်လှန်ရေးတပ်ဖွဲ့များကို အပြစ်တင်မှုများပြုလုပ်ခဲ့ပြီး ၎င်း၏ တပ်ဖွဲ့များ(လက်နက်ချမပါ)နှင့် ထောက်ခံသူများကို မမေ့ကြောင်း ပြောဆိုမှုများ ပြုလုပ်ခဲ့သည်။
“ ခေတ်အဆက်ဆက် ရင်းနှီးပေးဆပ်ခဲ့တဲ့ မြန်မာ့တပ်မတော်နဲ့ မျိုးချစ်ပြည်သူများက ဦးဆောင်ဆွေးနွေးခဲ့တဲ့ တရားသောစစ်အောင်မြင်ဖို့ ပြည်သူများက ဝိုင်းဝန်းပေးဖို့လိုအပ်ပါတယ်။ တပ်မတော်နဲ့ မျိုးချစ်ပြည်သူရှိနေသမျှ မြန်မာနိုင်ငံတော်ကြီး တည်တံ့ခိုင်မြဲနေရပါမယ်။ တည်တံ့ခိုင်မြဲအောင်လဲလုပ်ဆောင်ပါ့မယ်။ စည်းလုံးသော အင်အားနဲ့ နိုင်ငံတော်ကြီးကို တည်ဆောက်ကြပါ” ဟု ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြောကြားခဲ့သည်။
ရမခ အပြင်းအထန် ထိုးစစ်ဆင် တိုက်ခိုက်ခံနေရချိန်တွင် စစ်ကောင်စီခေါင်းဆောင်က သစ်ပင်စိုက်၊ မီးရထားစက်ခေါင်း စက်ရုံသွားခြင်းနှင့် သမဝါယမစနစ် တည်ထောင်မည်ဟု ပြောဆိုခြင်းများကို စစ်တပ်ထောက်ခံသူများက အပြင်းအထန်ဝေဖန်မှုများပြုလုပ်ခဲ့ကြသည်။
သို့သော် ဗမာပြည် ကွန်မြူနစ်ပါတီကို အောင်နိုင်ခဲ့သည့် ရမခ အသိမ်းခံရချိန်၌ စစ်ကောင်စီခေါင်းဆောင်အား မြန်မာစစ်တပ်ကို ဖျက်ဆီးသည့် သစ္စာဖော် အဖြစ်ပင် စစ်တပ်ထောက်ခံသူများက ပြောဆိုလာခဲ့သည်။
ယခု မိန့်ခွန်းတွင် ထောက်ခံသူများ၏ ဒေါသအား စစ်ခေါင်းဆောင်က မြောက်ပိုင်းညီနောင်သုံးဖွဲ့ အပါအဝင် တစ်နိုင်ငံလုံးရှိ တော်လှန်ရေး တပ်ဖွဲ့များ၏ လက်နက်အားကိုး လုပ်ဆောင်မှုကြောင့် ပြည်တွင်းစစ်မီး တောက်လောက်ကာ ပြည်သူများ မငြိမ်းချမ်းရခြင်းဖြစ်သည်ဟု လွှဲချ အပြစ်ဖို့ ပြောဆိုခဲ့သည်။
ထို့ပြင် ဘာသာရေး၊ လူမျိုးရေး ပဋိပက္ခ ဖြစ်စေနိုင်သည့် ဖော်ပြမှုများကိုလည်း စစ်ခေါင်းဆောင် ပြောဆိုနေချိန်အတွင်း Slide Show ဖြင့် ပြသနေခဲ့ပြီး အမုန်းစကားများ ဖြန့်ဝေနေခဲ့သည်ကို တွေ့ရသည်။
တရုတ်နယ်စပ်ရှိ လက်နက်စက်ရုံနှင့် ထိုင်းနယ်စပ် မှောင်ခို လက်နက်လမ်းကြောင်းများမှ တစ်ဆင့် တော်လှန်ရေး တပ်ဖွဲ့များ လက်နက် အဓိက ရနေကြောင်း စစ်ခေါင်းဆောင်က ညည်းတွားခဲ့ပြီး နောက်ကွယ်တွင် ပြည်ပနိုင်ငံများ ပါဝင်နေသည်ဟု ပြောဆိုခဲ့ပြီး မည်သည့်နိုင်ငံဆိုသည်ကိုတော့ တိတိကျကျပြောဆိုခဲ့ခြင်းမရှိပေ။
ရန်ကုန်မြို့မှ အသက် သုံးဆယ်၀န်းကျင်အရွယ် နိုင်ငံရေး လေ့လာသူတစ်ဦးက ” သူ့ကြည့်ရတာ တရုတ်ကို တိုင်ပြောနေပုံပဲ သူ ကျားဖြန့်လည်း ဖမ်းပေးတယ်လေပေါ့။ ဒီတော့လည်း မပြောရဲရှာဘူး ထင်ပါတယ်” ဟု သုံးသပ်သည်။
စစ်ကောင်စီခေါင်းဆောင်သည် ရုရှားထံပင် စစ်ကူတောင်းနေပြီ ဖြစ်သည့် ထောက်ခံသူများအား နှစ်သိမ့်သည့် အနေဖြင့် တိုက်ပွဲ၌ သေဆုံး ၊ ပျောက်ဆုံး သွားခဲ့သည့် ၄င်း၏ လက်အောက်ခံ တပ်ဖွဲ့များအား အမျိုးအမည် စုံအောင် တပ်၍ ချီးကျူးဂုဏ်ပြုသွားပြီး ၄င်းတို့အား မမေ့ကြောင်း ပြောဆိုခဲ့သည်။
သို့သော် လက်နက်ချ တပ်ဖွဲ့ဝင်များအတွက်မူ မည်သည့်စကားများမှ မပြောသွားခဲ့ချေ။
ထို့ပြင် တံတွေး တစ်ချက်တစ်ချက် မျိုချကာ စိတ်မသက်မသာဟန် အပြည့်ဖြင့် စစ်ခေါင်းဆောင်သည် ကျားဖြန့်အား ပြတ်ပြတ်သားသား နှိမ်နင်းပေးခဲ့သည်ဟုလည်း တစ်စုံတစ်ဦးအား ရည်ညွှန်းပြောဆိုဟန်ဖြင့် ပြောသွားခဲ့သေးသည်။
စစ်ခေါင်းဆောင်သည် ထောက်ခံသူများ၏ ဒေါသကို ဖြေလျော့စေရန် ယခုကဲ့သို့ လူလုံးထွက်ပြခြင်းဟု မဲဆောက်မြို့နေ ဝါရင့် သတင်းသမားတစ်ဦးက ထောက်ပြသည်။
“ ကျိန်းသေတာ စစ်တပ်ကသူတွေ စိတ်ဓာတ်လုံးလုံးပျက်ယွင်းနေပြီ ရမခလိုနေရာ ပေးလိုက်ရတယ်ဆိုတာ သမိုင်းမှာ မရှိခဲ့ဘူး။ စစ်တပ်အရှုံးကြီးရှုံးတော့ သူ့လူတွေ စိတ်ဓာတ်မကျအောင်ဆိုပြီး မင်းအောင်လှိုင် ထွက်ပြောရတာပဲလေ” ဟု ၄င်းက ပြောသည်။
စစ်ခေါင်းဆောင်၏ မိန့်ခွန်း ထုတ်လွှင့်မှု အပြီးတွင် စစ်ကောင်စီဝါဒဖြန့် တယ်လီဂရမ်ချန်နယ်များ၌ ယခင်နေ့များက တွေ့ခဲ့ရသည့် စစ်ခေါင်းဆောင်အား ဒေါသတကြီး ဝေဖန်ထားမှုများ ပြန်ဖျက်သွားခဲ့သည်ကို တွေ့ရပြီး လက်ရှိတွင် စစ်ခေါင်းဆောင် ဆက်တိုက်မည့် စစ်အား ထောက်ခံလျက် ရှိနေသည်။