By Sayar Ngaat/MPA
ထိုင်းနိုင်ငံအစိုးရ၏ တရားမဝင်အလုပ်သမားပပျောက်ရေးစီမံချက်(ရက်ပေါင်း ၁၂၀ စီမံချက်)ကြောင့် တစ်လခွဲကျော်အတွင်း မြန်မာနိုင်ငံသား တစ်သိန်းကျော် ဖမ်းဆီးခံခဲ့ရကြောင်း သိရသည်။
ထိုင်းနိုင်ငံသို့ တရားမဝင်ဝင်ရောက်လာသည့် နိုင်ငံခြားသား အလုပ်သမားများကို ဖမ်းဆီးရေးစီမံချက်အဖြစ် ထိုင်းအာဏာပိုင်များက ဇွန် ၅ရက်မှ စတင်ဆောင်ရွက်ခဲ့ခြင်းဖြစ်ပြီး ဇူလိုင် ၂၅ရက်အထိ တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် စက်ရုံ၊ အလုပ်ရုံများကို စစ်ဆေးခဲ့ရာ အထောက်အထားမဲ့ မြန်မာရွှေ့ပြောင်းအလုပ်သမား ၁၁၀၁၃၀ ဦး ဖမ်းဆီးခံခဲ့ရ ကြောင်း ထိုင်းအလုပ်သမားဝန်ကြီးဌာနက သတင်းထုတ်ပြန်ထားသည်ဟု The Nation သတင်းဌာနက ဖော်ပြထားသည်။
” ကျတော်တို့လည်း သတင်းတွေ သိရကြားရတယ်။ နှစ်စဉ် ထိုင်းအစိုးရအနေနဲ့ လဝက ဥပဒေနဲ့ပတ်သက်ပြီး ရွှေ့ပြောင်းလုပ်သားတွေ၊ တရားမဝင် လမ်းကြောင်းတွေကနေ ဝင်ရောက်လာတာ များလာတဲ့အတွက် သူတို့အနေနဲ့ ထိန်းချုပ်ဖို့အတွက် စီမံချက်တစ်ခုလုပ်တယ်လို့ပဲ ကျတော့်အနေနဲ့ မြင်ပါတယ် ” ဟု Myanmar Humanitarian Action Center မှ တာဝန်ခံ ကိုရဲမင်းက ပြောသည်။
ထိုင်းနိုင်ငံသို့ တရားမဝင်ဝင်လာရောက်သူများ၌ သာမန်ရွှေ့ပြောင်းလုပ်သားများသာမက အာဏာသိမ်းမှုကြောင့် ထွက်ပြေးတိမ်းရှောင်လာသူများရှိနေသဖြင့် ယခုကဲ့သို့ မြန်မာနိုင်ငံသားများ ဖမ်းဆီးရမှုနှင့် ပတ်သက်ပြီး စိုးရိမ်စရာ အခြေအနေတစ်ခုဖြစ်နေကြောင်း ၎င်းက ဆက်လက်ရှင်းပြသည်။
ထိုင်းအာဏာပိုင်များသည် မြန်မာနိုင်ငံမှ အထောက်အထားမဲ့ ရွှေ့ပြောင်း လုပ်သားများအပြင် ကမ္ဘောဒီးယား၊ လာအို၊ ဗီယက်နမ်နှင့် အခြားနိုင်ငံသား အလုပ်သမား ၁၄၇,၇၂၆ ဦးကို ဖမ်းဆီးခဲ့ပြီး ၎င်းတို့အနက် မြန်မာနိုင်ငံသား ၆၅၈ ဦး၊ လာအိုနိုင်ငံသား ၁၄၇ ဦး၊ ကမ္ဘောဒီးယားနိုင်ငံသား ၁၄၁ ဦး၊ ဗီယက်နမ် နိုင်ငံသား ၂၁ ဦးနှင့် အခြားနိုင်ငံမှ အလုပ်သမား ၇ဝဦး ကို စီမံချက်အရ အရေးယူထားပြီးဖြစ်ကြောင်း ထိုင်းအလုပ်သမား ဝန်ကြီးဌာန၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
” ရက် ၁၂၀ စီမံချက် ထုတ်လိုက်တဲ့ နောက်ပိုင်းမှာ ဘာဖြစ်လာလည်းဆိုတော့ သူတို့က(ထိုင်းအာဏာပိုင်များ) လုပ်ပိုင်ခွင့်ထဲကနေပြီးတော့ ဖမ်းဆီးလို့ ပိုကောင်းလာတာပေါ့၊ ဘန်ကောက်မြို့ပေါ်မှာဆိုရင် လမ်းမှာတင် မကဘဲ အိမ်ထဲအထိ ဝင်စစ်ပြီး ဖမ်းတာတွေ ရှိတယ်၊ မဟာချိုင်ဘက်မှာ ဘယ်လောက်ထိ ဝင်စစ်လဲဆို အထောက်အထားအပြည့်အစုံရှိတယ်။ ဒါပေမဲ့ အိမ်ရှင်က ဧည့်စာရင်း မတိုင်ပေးထားဘူးဆိုရင် ဖမ်းတယ်။ အိမ်ရှင်ကိုယ်တိုင် အာမခံပေးမှ ပြန်လွှတ်ပေးတယ်။ လက်ရှိက အထောက်အထားရှိတဲ့သူတွေတောင် အဲဒီလိုတွေ ကြုံတွေ့နေရတယ် “ ဟု ထိုင်းနိုင်ငံအတွင်း အလုပ်သမားကတ်ပြုလုပ်ပေးသူ မြန်မာပွဲစားတစ်ဦးကပြောသည်။
လက်ရှိ ထိုင်းနိုင်ငံအတွင်း ရက်ပေါင်း ၁၂၀ စီမံချက်သာမက တရားမဝင်နေထိုင်သူများကို ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းများ တင်းကျပ်ထားသဖြင့် နေထိုင်ရေးနှင့် သွားလာရေး ကိစ္စများပါ ခက်ခဲမှုရှိနေသည်ဟု ၎င်းက ပြောသည်။
ထို့ပြင် ထိုင်းနိုင်ငံ၊ မဲဆောက်မြို့အတွင်း ဇူလိုင်လကုန်ပိုင်းမှ စတင်ကာ E-Bike (Electric Bike) စီးသည့် မြန်မာနိုင်ငံသားများကို ထိုင်းအာဏာပိုင်များက စစ်ဆေးဖမ်းဆီးမှုများပြုလုပ်နေပြီး နောက်ကြည့်မှန်နှင့် ဦးထုပ် ဘက်မှန် နှင့် ဦးထုပ်မပါသည့် E-Bike မောင်းနှင်သူများကို အဓိကထား ဖမ်းဆီးနေကြောင်းလည်း သိရသည်။
ထိုကဲ့သို့ E-Bike စီးသူများသည် ထိုင်းရဲများဖမ်းဆီးခြင်းခံရပါက အနည်းဆုံး ဘတ်ငွေ ၅၀၀မှ အများဆုံး ဘတ်ငွေ ၃၀၀၀အထိ ပေးရကြောင်းလည်း MPA က စုံစမ်းသိရှိရသည်။
” အဓိကကတော့ သူတို့က (ထိုင်းအာဏာပိုင်များ) ပိုက်ဆံလိုချင်တာပေါ့နော်၊ ရဲကတ်ရှိလား စစ်တယ်။ ဆိုက်ကယ်နဲ့ဆို လိုင်စင်နဲ့လား စစ်တယ်။ ကိုယ့်မှာ အထောက်အထားမရှိရင်ရင်တော့ သူတို့ တောင်းသလောက် ဘတ်တစ်ထောင်ဆို တစ်ထောင်၊ နှစ်ထောင်ဆို နှစ်ထောင် ပေးရတယ် “ ဟု မဲဆောက်မြို့သို့ တိမ်းရှောင်လာသူ တစ်ဦးက ပြောသည်။
ထိုင်းအာဏာပိုင်များက အထောက်အထားမဲ့ အလုပ်သမားများအနက် အလုပ်ခွင့်ပြုချက် စည်းမျဉ်းများကို ချိုးဖောက်ကြောင်း တွေ့ရှိပါက ဒဏ်ငွေ ဘတ် ၅,၀၀၀ မှ ၅၀,၀၀၀ အထိ ပေးဆောင်ရသည့်အပြင် အလုပ်လုပ်ကိုင်ခွင့်ကို နှစ်နှစ် ဆိုင်းငံ့ကာ နေရပ်ပြန်ပို့ခြင်းလည်း ခံရမည် ဖြစ်သည့်အပြင် ခွင့်ပြုချက်မရှိဘဲ အလုပ်ခန့်ထားသူများသည်လည်း အလုပ်သမားတစ်ဦးခန့်ထားလျှင် ဘတ်ငွေ ၁၀၀၀၀ မှ ၁၀၀၀၀၀ ထိ ဒဏ်ရိုက်ခံရမည်ဖြစ်ကြောင်း ၊ အကြိမ်ကြိမ် ကျူးလွန်သူဖြစ်ပါက ထောင်ဒဏ်တစ်နှစ် သို့မဟုတ် ဒဏ်ငွေ ဘတ် ၅၀,၀၀၀ မှ ၂၀၀,၀၀၀ အထိပေးဆောင်ရမည် ဖြစ်ပြီး ရွှေ့ပြောင်းအလုပ်သမားများ အလုပ်ခန့်ထားခြင်းကိုလည်း သုံးနှစ် ပိတ်ပင်ခံရမည် ဖြစ်ကြောင်း ထိုင်းအလုပ်သမားဝန်ကြီးဌာန၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။