By Zwe Ko/MPA
ပဲခူးတိုင်း အရှေ့ဘက်၊ KNU ထိန်းချုပ်နယ်မြေတစ်ခုဖြစ်သည့် မုန်းမြို့ရှိ ရေဘေးဒုက္ခသည်များကို သွားရောက်ကူညီမည့် ပရဟိတအသင်းများအား စစ်ကောင်စီက သွားလာခွင့်ကန့်သတ်မှုများပြုလုပ်ထားကြောင်း ပရဟိတအသင်းများထံမှ စုံစမ်းသိရှိရသည်။
၂၀၂၄ခုနှစ်၊ ဇူလိုင် ၂၄ရက်မှစတင်ကာ မုန်းမြို့တွင် ရေကြီးရေလျှံမှုဖြစ်ပေါ်နေခြင်းဖြစ်ပြီး ရေဘေးဒုက္ခသည်များကို ကူညီရန် ပရဟိတအသင်းများသည် မြို့သို့သွားရောက်ရာ၌ စစ်ကောင်စီ စစ်ဆေးရေးဂိတ်များက ပဲခူးတိုင်းဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း ထောက်ခံချက်လက်မှတ်ပါမှသာ သွားခွင့်ရှိသည်ဟုဆိုကာ ကူညီကယ်ဆယ်ရေးလုပ်ဆောင်မည့်သူများကို နှင်လွှတ်ခြင်းဖြစ်သည်ဟု ပရဟိတ အသင်းတစ်ခုမှ တာဝန်ရှိသူတစ်ဦးကပြောသည်။
“ဂိတ်တွေက ပေးမဖြတ်ဘူး။ ဝန်ကြီးချုပ်လက်မှတ် ပြခိုင်းတယ်။ မပါရင်ပြန်လှည့်လာရတယ်။ ကျတော်တို့တစ်ဖွဲ့တည်းမဟုတ်ဘူး။ အဖွဲ့တိုင်းအဲဒီလို စစ်ဆေးခံရတယ်”ဟု ၎င်းကပြောသည်။
ထိုကဲ့သို့ စစ်ကောင်စီက ကန့်သတ်မှုများပြုလုပ်ခဲ့ခြင်းကြောင့် မုန်းမြို့ရှိ ရေဘေးဒုက္ခသည်များထံ သွားရောက်ကူညီမည့်သူများ နည်းပါးသွားကြောင်း ပရဟိတအသင်းတစ်ခု၌ ပါဝင်ကူညီပေးနေသည့် အမျိုးသမီးတစ်ဦးက ပြောသည်။
“ ဝန်ကြီးချုပ် လက်မှတ်ထိုးဖို့အတွက် စောင့်ရတယ်လို့ကြားတယ်။ အဆင့်ဆင့်တင်ပြရတာ၊ ပြီးတော့ စစ်ဆေးမေးမြန်းတာတွေလည်များတယ်။ အဲ့ဒီတော့ တော်ရုံဘယ်ပရဟိတအဖွဲ့ကမှ လက်မှတ်သွားမယူတော့ဘူး။ အဲ့ဒီဘက်(မုန်း)လည်း သွားမလှူဖြစ်တော့ဘူး” ဟု အထက်ပါအမျိုးသမီးက ရှင်းပြသည်။
စစ်ကောင်စီ၏ ကန့်သတ်မှုများကြောင့် မုန်းမြို့ရှိ ရေဘေးသင့်ပြည်သူများကို ကူညီမည့် ပရဟိတအသင်းအဖွဲ့များနှင့် အလှူရှင်များသည် လာရောက်မှုမရှိသလောက်နည်းပါးခဲ့သည့်အတွက် ဒုက္ခများစွာရောက်ရကြောင်း မုန်းမြို့နယ်၊ ညောင်ပင်သာရွာမှ ရေဘေးဒုက္ခခံစားနေရသည့် အသက် ၄၀ အရွယ် အမျိုးသမီးတစ်ဦးက ပြောသည်။
“အဓိကခက်ခဲတာတော့ စားသောက်ရေးပေါ့၊ လာလှူတဲ့သူတွေတော့ ရှိတယ်။ ဒါပေမဲ့နည်းတာပေါ့၊ တစ်ဖွဲ့နှစ်ဖွဲ့လောက်ပဲလာလှူကြတယ်၊ အဲဒီတော့ ရှိတဲ့ဟာလေးပဲ မျှတစားကြရတယ်။ ကျန်းမာရေးမကောင်းတဲ့သူတွေလည်းရှိတယ်။ အခုရက်ပိုင်းတော့ ရေကနည်းနည်းကျသွားတယ် ”ဟု ၎င်းက ဆိုသည်။
မုန်းမြို့နယ်သည် စစ်ကောင်စီတပ်ဖွဲ့နှင့် တော်လှန်ရေးတပ်ဖွဲ့များအကြား မကြာခဏ တိုက်ပွဲဖြစ်ပွားနေသဖြင့် ပြည်သူ အများစုသည် စစ်ရှောင်နေရသည့်အပြင် ရေကြီးရေလျှံမှုကို ထပ်မံကြုံတွေ့နေရခြင်းလည်းဖြစ်သည်။
“စစ်ရှောင်တဲ့ နေရာတွေက တောင်ခြေရွာတွေလေ၊ ရေကလည်းတောင်ကျရေတွေဆိုတော့ အဲဒီနေရာတွေပါ အကုန်ရေမြုပ်တာတွေရော၊ တဲတွေလည်းရေနောက်ပါသွားတာတွေရှိတယ်။ ပြီးခဲ့တဲ့ ၁၀ရက်လောက်က လေးနှစ်အရွယ် ကလေးတစ်ယောက် ရေထဲပါပြီး သေသွားတယ် ။ စိုက်ခင်းတွေလဲ အကုန်ရေမြုပ်ကုန်ပြီလေ ”ဟု အသက် ၅၀အရွယ် စစ်ရှောင်အမျိုးသားတစ်ဦးကပြောသည်။
မုန်းမြို့နယ်အတွင်းရှိ ရေဘေးသင့်ပြည်သူများကို ကူညီနိုင်ရန်အတွက် ပဲခူးတိုင်းဝန်ကြီးချုပ်၏ ထောက်ခံချက်ရရှိသော ပရဟိတအသင်းများသည်လည်း တိုက်ပွဲမကြာခဏ ဖြစ်ပွားလေ့ရှိသည့် ပဲခူးရိုးမအစပ်ရှိ ရွာများသို့ သွားရောက် လှူဒါန်းနိုင်မှုမရှိကြောင်း ရေဘေးဒုက္ခသည်များကို ကူညီကယ်ဆယ်ပေးနေသည့် ပရဟိတအသင်းတစ်ခုမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။
“ ပဲခူးရိုးမအစပ်က ရွာတွေမှာ အိမ်တွေပြိုတာတွေ၊ ရေနောက်ပါသွားတာတွေရှိတယ်။ ဒါပေမဲ့ အဲ့ဒီဘက်မှာ တိုက်ပွဲတွေမကြာခဏဖြစ်တော့ မသွားရဲဘူး။ ရေဘေးကယ်ဆယ်ရေးစခန်းတွေ ဖွင့်လှစ်ထားတာလည်းမရှိဘူး။ တစ်ချို့ကတော့ မြို့ပေါ်ကို ရွှေ့ပြောင်းနေထိုင်ကြတယ်” ဟု ၎င်းက ပြောသည်။
ယခုရက်ပိုင်းအတွင်း မိုးရာသွန်းမှု နည်းပါးခဲ့ခြင်းကြောင့် မုန်းမြို့နယ်တွင် တောင်ကျရေ ကျဆင်းမှု နည်းပါးခဲ့သော်လည်း စစ်တောင်းမြစ်ရေ ကျဆင်းမှုမရှိသေးသဖြင့် ရေဘေးဒုက္ခသည်များသည် လက်ရှိအချိန်ထိ အကူအညီများလိုအပ်လျက်ရှိနေသည်။
ရေကြီးရေလျှံမှုသည် မိုးတွင်းကာလဖြစ်သည့် ဇွန်လမှ အောက်တိုဘာလအတွင်း ဖြစ်ပွားလေ့ရှိပြီး ဇူလိုင်လနှင့် ဩဂုတ်လတို့တွင် အဖြစ်များကြောင်း မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှု ဦးစီးဌာနမှ သိရသည်။
ရေကြီးရေလျှံမှုသည် နှစ်စဉ်ဖြစ်ပွားလေ့ရှိပြီး ခေတ်အဆက်ဆက် အစိုးရများသည် ရေဘေးသင့်ပြည်သူများကို ထိုက်သင့်သည့် အကူအညီများပေးလေ့ရှိသော်လည်း၊ စစ်ကောင်စီ အာဏာသိမ်းပြီးနောက် ရေဘေးသင့်ပြည်သူများကို လုံလောက်သည့် ထောက်ပံ့ပေးမှုများမရှိသည့်အပြင် ပြည်သူများကိုကူညီမည့် ပရဟိတအဖွဲ့များကိုပါ အကြောင်းမျိုးစုံဖြင့် ကန့်သတ်မှုများပြုလုပ်နေခြင်းလည်းဖြစ်သည်။
မြန်မာနိုင်ငံတွင် ဖြစ်ပွားခဲ့သည့် ရေကြီးရေလျှံမှုများအနက် ၂၀၁၅ခုနှစ်၊ ဇူလိုင်လတွင် ဖြစ်ခဲ့သည့် ရေကြီးရေလျှံမှုသည် အဆိုးဝါးဆုံးဖြစ်ပြီး ပြည်နယ်နှင့်တိုင်း ၁၄ခုအနက် ၁၂ခုအထိ ရေကြီးရေလျှံမှုကို ရင်ဆိုင်ခဲ့ရသည်။
အထက်ပါ ရေကြီးရေလျှံမှု ဖြစ်စဉ်ကြောင့် လူဦးရေ တစ်ရာကျော်သေဆုံးခဲ့ပြီး အိမ်ထောင်စု လေးသောင်းကျော်နှင့် လူဦးရေ ၁၆သိန်းရေဘေးတွေ့ကြုခဲ့ရကာ၊ လယ်ဧက ခုနှစ်သိန်းကျော် လုံး၀ပျက်စီးခဲ့ပြီး ရေဘေးကြောင့် ထိခိုက်ပျက်စီးမှုသည် ကျပ် ၁၆၅ ဘီလီယံအထိရှိခဲ့သည်ဟု ဦးသိန်းစိန် အစိုးရက ထုတ်ပြန်ခဲ့သည်။