By Nway / MPA
မန္တလေးတိုင်း၊ စဉ့်ကူးမြို့နယ်အတွင်း စစ်ကောင်စီတပ်က လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ခဲ့ရာ ပြည်သူ၁၃ဦးသေဆုံးပြီး ၁၉ဦး ဒဏ်ရာရခဲ့ကြောင်း သိရသည်။
ယနေ့ (ဩဂုတ်လေးရက်) မွန်းလွဲတစ်နာရီခန့်တွင် စဉ့်ကူးမြို့နယ်၊ကံတောင်ရွာကို တိုက်ပွဲဖြစ်နေခြင်း မရှိဘဲ စစ်တပ်က ပိတ်ပင်ထားသည့် အတွဲလိုက်ဗုံးသီး(Cluster Bombs)များ အသုံးပြု၍ လေကြောင်း တိုက်ခိုက်ခဲ့ရာ ကလေးတစ်ဦးအပါအဝင် ပြည်သူ သုံးဦးသေဆုံးပြီး ၁၃ဦး ဒဏ်ရာရခဲ့ကြောင်း MDY-PDF က သတင်းထုတ်ပြန်သည်။
“ စဉ့်ကူးမြို့နယ် ကံတောင်ကျေးရွာကို ကြဲချတဲ့ဗုံးက ပေါက်ကွဲသံကို ၁၀ကြိမ်လောက် ဆက်တိုက်ကြားရတယ်။ အတွဲလိုက်ဗုံးလို့ အတည်ပြုနိုင်တယ်” ဟု MDY- PDF ပြောရေးဆိုခွင့်ရှိသူ ကိုအော်စမွန်က MPA သို့ပြောသည်။
ထို့အပြင် ယနေ့ မွန်းလွဲ သုံးနာရီခွဲခန့်တွင် စဉ့်ကူးမြို့နယ်၊နွယ်ရုံရွာကို လေကြောင်းတိုက်ခိုက်မှု ထပ်မံပြုလုပ်ခဲ့ရာ ကလေးတစ်ဦးအပါအဝင် အပြစ်မဲ့ပြည်သူ ၁၀ဦးသေဆုံးကာ ခြောက်ဦး ဒဏ်ရာရခဲ့ ကြောင်းလည်း ထုတ်ပြန်ထားသည်။
စစ်ရှုံး စစ်ကောင်စီအနေဖြင့် ပြည်သူကို ပစ်မှတ်ထားတိုက်ခိုက်နေခြင်းသည် စစ်တပ်တစ်တပ်အနေဖြင့် ဂုဏ်သိက္ခာအကင်းမဲ့ဆုံး လုပ်ရပ်ဖြစ်ပြီး ကြီးမားသော စစ်ရာဇဝတ်မှုလည်း ဖြစ်ကြောင်းလည်း MDY-PDF က ဆိုသည်။
“ စစ်ကောင်စီက စစ်ရှုံးနေတဲ့အတွက် ရှုံးမဲမဲတဲ့အပြုအမူတွေကို သိသိသာသာနဲ့ မကြာခဏ ကျုးလွန်နေတယ်” ဟု ကိုအော်စမွန်က ဆက်လက်ပြောသည်။
MDY PDF သည် ပြည်သူများအတွက် လေကြောင်းအန္တရာယ်ကင်းရှင်းရေး လမ်းညွှန်ချက်များကို ထုတ်ပြန်ထားပြီး လိုက်နာကျင့်သုံးကြရန် ဇူလိုင် ၂၆ရက်က သတင်းထုတ်ပြန်ထားသည်။