By Blackpanda / MPA
သမဝါယမ စနစ်သည် ခေတ်နောက်ပြန်ဆွဲသော စနစ်ဖြစ်ပြီး ကြိုးနီစနစ်(အစိုးရစည်းမျဉ်း၊အစိုးရထုံးနည်း၊ အစိုးရစည်းကမ်းနည်းလမ်းအတိုင်း လိုက်လွန်း၍ အလုပ်မတွင်သည့်စနစ်)ကို ပြန်လည်ကျင့်သုံးခြင်းဖြစ်ကြောင်း ရန်ကုန်မြို့ရှိ အမည်မဖော်လိုသည့် စီးပွားရေးလုပ်ငန်းရှင်တစ်ဦးက သုံးသပ်သည်။
ပြီးခဲ့သည့် ဇူလိုင် ၂၉ရက်က နေပြည်တော်တွင် ပြုလုပ်ခဲ့သည့် စစ်ကောင်စီအစည်းအဝေး၌ စစ်ကောင်စီ ဥက္ကဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က မြန်မာ့စီးပွားရေးဖွံ့ဖြိုးတိုးတက်ရန် လက်ရှိအခြေအနေအရ စျေးကွက်စီးပွားရေးနစ်အစား သမဝါယမစနစ်ကို ပြောင်းလဲကျင့်သုံးရန် ပြောကြားခဲ့ခြင်းဖြစ်သည်။
ထိုကဲ့သို့ ပြောကြားပြီးနောက် စစ်ကောင်စီသည် ကြိုးနီစနစ်ကိုအသက်သွင်းရန် လုပ်ဆောင်နေခြင်းဖြစ်သည်ဟု စီးပွားရေးလုပ်ငန်းရှင်အချို့နှင့် ပြည်သူများက ထောက်ပြဝေဖန်မှုများပြုလုပ်နေခြင်းလည်းဖြစ်သည်။
“ ဒီစနစ်က ဘာကိုပြလည်းဆိုရင် ဗဟိုဦးစီးချုပ်ကိုင်မှုရှိသေးတယ်၊ ကြိုးနီစနစ်မပျောက်သေးဘူးဆိုတာ ပြနေတာပဲ၊ ဘာလို့ဒီစနစ်ပြန်သုံးလည်းဆိုတာ ပြောနေစရာတောင်မလိုဘူး” ဟု အမည်မဖော်လိုသည့် စီးပွားရေးလုပ်ငန်းရှင်က ပြောသည်။
မြန်မာနိုင်ငံတွင် ဦးနုလက်ထက်မှ စတင်၍ သမဝါယမစနစ်ကို စတင်ခဲ့သော်လည်း ဦးနေဝင်းလက်ထက်၌ တွင်တွင်ကျယ်လုပ်ဆောင်ခဲ့ခြင်းဖြစ်ပြီး ခေတ်အဆက်အဆက် အောင်မြင်ခြင်းမရှိဘဲ၊ ယင်းစနစ်ကို ပြန်လည်အသက်သွင်းပါက နှစ်ပေါင်း ၃၀ခန့် ခေတ်နောက်ပြန်သွားမည်ဖြစ်ကြောင်း ၎င်းက ဆက်လက်ပြောသည်။
အဆိုပါ စနစ်ကို အကောင်အထည်ဖော်ပါက မှောင်ခိုလုပ်ငန်းကို အားပေးရန် ပြန်လည်အသက်သွင်းခြင်း ဖြစ်သည်ဟု ရန်ကုန်တိုင်း၊ ဗိုလ်တစ်ထောင်မြို့နယ်မှ ပြည်သူတစ်ဦးက ပြောသည်။
“ ဆန်တိုးတာတွေ ၊ဆီတိုးတာတွေက ပြန်ပြီးလုပ်ရတော့မယ်၊ အခုလဲလုပ်နေရတာပဲ၊ မှောင်ခိုစနစ်ကို ပြန်စတာပဲ ၊ ပြောချင်တာကတော့ ပြည်သူတွေကို ထပ်ပြီးတော့ မှောင်ခိုပြန်လုပ်ပါလို့ ပြောလိုက်သလိုပဲ” ဟု ၎င်းကပြောသည်။
သမဝါယမစနစ်ကို ပါလီမန်ခေတ် ၁၉၅၀ခုနှစ် ဝန်းကျင်က ဆန်စပါးနှင့်ကောက်ပဲသီးနှံရောင်းဝယ်ရာတွင် ကျင့်သုံးခဲ့ပြီး စစ်အာဏာရှင် ဦးနေဝင်းလက်ထက် ၁၉၆၂ ခုနှစ်မှစကာ လယ်ယာကဏ္ဍ၊ သားငါးကဏ္ဍ၊ သစ်တောကဏ္ဍ၊ စက်မှုလက်မှုကဏ္ဍ၊ လျှပ်စစ်ကဏ္ဍ၊ ဆောက်လုပ်ရေး၊ ငွေရေးကြေးရေး၊ လူမှုရေး၊ အိမ်ငှား၊ ပြည်တွင်းလက္ကား ကုန်သွယ်ရေးနှင့် ပြည်တွင်း လက်လီကုန်သွယ်ရေးကဏ္ဍများ စသည့်ကဏ္ဍများတွင် ကျင့်သုံးခဲ့ခြင်းဖြစ်သည်။
စီးပွားရေး ပြန်လည်တိုးတက်ရန်အတွက် စစ်ကောင်စီသည် သမဝါယမစနစ်ကို အကောင်အထည်ဖော်ရန် ကြိုးစားနေသော်လည်း ပြည်သူများကို ပိုမိုကျပ်တည်းအောင် ပြုလုပ်ခြင်းဖြစ်သည်ဟု ပုဇွန်တောင်မြို့နယ်မှ အမျိုးသားတစ်ဦးက ပြောသည်။
“ သူက စီးပွားရေးပြန်ဦးမော့ဖို့လုပ်တယ်လို့ ပြောတယ်။ ဒါပေမဲ့ ခံရမှာက ပြည်သူပဲ ၊ဥပမာ ဆန်တိုးတယ် ဆီတိုးတယ်ဆိုပါတော့ ၊ တိုးရမယ် နေရာဦးရမယ် ၊ ပြီးရင် အရင်ရောက်တဲ့သူက အဲ့နေရာရောင်းမယ်၊ ခံရတာပြည်သူပဲ” ဟု ၎င်းကပြောသည်။
ဦးနေဝင်လက်ထက် ၁၉၇၀ခုနှစ်၊ မေ ၊ ၂၈ရက်တွင် ပြည်ထောင်စုမြန်မာနိုင်ငံ သမဝါယမ အသင်းဥပဒေကို ပြဋ္ဌာန်းခဲ့ပြီး ဆိုင်များ၊ ဂိုထောင်များ၊ နေအိမ်များကို ပြည်သူပိုင်အဖြစ် သိမ်းဆည်းခဲ့ကာ ပြည်သူများမှာလည်း ကုန်ပစ္စည်းများကို မှောင်ခိုစျေး၌ စျေးမတန်ဆဖြင့် ဝယ်ယူခဲ့ရသည်။
ထို့ပြင် မြို့နယ် သမဝါယမရုံးသို့ ရောက်ရှိလာသော ဆန်၊ ဆီများအား ခွဲတမ်းချရောင်းချခဲ့ပြီး မြို့နယ်လူကြီးများသည် ကုန်သည်များနှင့်ပေါင်းကာ ပြည်သူများ၏ ခွဲတမ်းများကို ရောင်းချခြင်းကြောင့် ပြည်သူများ ဒုက္ခရောက်ခဲ့ရသည့် သာဓကများလည်းရှိခဲ့သည်။
ထို့နောက် ဗိုလ်ချုပ်မှူးကြီး သန်းရွှေလက်ထက်၌ ၁၉၉၂ခုနှစ် သမဝါယမအသင်းဥပဒေကို ပြဋ္ဌာန်းခဲ့သော်လည်း အောင်မြင်မှုမရှိခဲ့ကြောင်း သိရသည်။
သမဝါယမလုပ်ငန်း သည်ငွေရင်းကို အခြေခံမပြု၊အမြတ်ကြီးရမှုကိုရှေးမရှု၊ လူ့အဖြစ်ကိုအခြေခံပြုပြီး အချင်းချင်းပေါင်းသင်းဆက်ဆံရေးတိုးတက်မှု၊ ကိုယ်ကျင့်တရား မပျက်ပြားမှုနှင့် ဝေစားမျှစားစီးပွားရေး တိုးတက်မှုကိုသာ ရှေးရှုသောလုပ်ငန်းဖြစ်သော်လည်း မြန်မာနိုင်ငံရှိ ခေတ်အဆက်ဆက် အစိုးရများသည် ဗဟိုချုပ်ကိုင်မှုဖြင့် ဆောင်ရွက်ခြင်း၊ ကုန်ပစ္စည်းများကို စျေးတန်းတစ်ခုသတ်မှတ်ပြီး ဆောင်ရွက်ခြင်းများကြောင့် မှောင်ခိုစျေးကွက်ကြီးထွားလာကာ ပြည်သူများ ပိုမို ဒုက္ခရောက်သဖြင့် ယင်းစနစ်ကို ပြည်သူများက လက်ခံခြင်းမရှိပေ။
ခေတ်အဆက်ဆက် မအောင်မြင်ခဲ့သည့် သမဝါယမစနစ်ကို သမ္မတဟောင်းဦးသိန်းစိန်လက်ထက်တွင် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန အဖြစ် ပြောင်းလဲခဲ့သော်လည်း၊ စစ်တပ်အာဏာသိမ်းပြီး ၂၀၂၁ ခုနှစ်၊ ဇွန် ၁၇ရက်တွင် သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေး ဝန်ကြီးဌာနအဖြစ် ပြန်လည်ဖွဲ့စည်းခဲ့ခြင်းဖြစ်သည်။