By Sayar Ngaat / MPA
ရှမ်းပြည်နယ်မြောက်ပိုင်း၊ လားရှိုးမြို့ရှိ အကျဉ်းထောင်ပွင့်သွားပြီးနောက် ပြန်လည်လွတ်မြောက်ခဲ့သည့် နိုင်ငံရေးအကျဉ်းသားများသည် မိသားစုနှင့် အဆက်အသွယ်ရပြီဖြစ်ကြောင်း မိသားစုဝင်များထံမှ စုံစမ်းသိရှိရသည်။
၁၀၂၇ ဒုတိယလှိုင်းအဖြစ် မြောက်ပိုင်းမဟာမိတ်ညီနောင်သုံးဖွဲ့နှင့် ပူးပေါင်းတပ်ဖွဲ့များသည် လားရှိုးမြို့ကို တိုက်ခိုက်ရာ၌ ဇူလိုင် ၂၈တွင် လားရှိုးထောင်ပွင့်သွားပြီးနောက် နိုင်ငံရေးအကျဉ်းသားများအပါအဝင် အခြားအကျဉ်းသားများ လွတ်မြောက်ခဲ့ခြင်းဖြစ်သည်။
“ ဩဂုတ် နှစ်ရက်က အဆက်အသွယ် ရတယ်။ လားရှိုးမှာတော့ မရှိတော့ဘူး ပြောတယ်။ အခု သူတို့မှာ ဖုန်းရော၊ မှတ်ပုံတင်ရော၊ မရှိဘူး။ တအာင်းဖုန်းနဲ့ အဆက်အသွယ်ရတယ်။ အကျိုးအကြောင်းလည်း ပြောခွင့်မရှိဘူး၊ မိသားစုကို အသိပေးတာလို့ ပြောတယ်” ဟု လားရှိုးထောင်မှ လွတ်မြောက်သွားသည့် နိုင်ကျဉ်းတစ်ဦး၏ မိသားစုဝင်တစ်ဦးက ပြောသည်။
လားရှိုးထောင်မှ လွတ်မြောက်ခဲ့သူများ၌ ပြည်သူ့လွှတ်တော် ဒုတိယဥက္ကဌ ဦးထွန်းထွန်းဟိန်းအပါအဝင် နိုင်ငံရေးအကျဉ်းသား ၂၀၀ ကို လားရှိုးခရိုင် ပကဖနှင့် တော်လှန်ရေးအင်းအားစုများက စောင့်ရှောက်ထားကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ(NUG)၊ ကာကွယ်ရေးဝန်ကြီးဌာန ဒုတိယအတွင်းဝန် ဦးမောင်မောင်ဆွေက မီဒီယာများ၌ ပြောကြားထားသည်။
“ ဆရာဦးထွန်းထွန်းဟိန်အပါ နိုင်ငံရေးအကျဉ်းသား ၂၀၀ကျော်လောက်ကို လားရှိုးခရိုင် ပြည်သူ့ကာကွယ်ရေးအဖွဲ့နဲ့ ဒေသခံတော်လှန်ရေး အင်အားစုတွေက ကောင်းမွန်စွာ စောင့်ရှောက် ထားရှိပါတယ်။ နိုင်ကျဉ်းတွေ ဆန္ဒရှိသလို ကာကွယ်ရေးဝန်ကြီးဌာနအနေနဲ့ လိုက်ပါ စောင့်ရှောက်ပေးဖို့ ရှိပါတယ်” ဟု ၎င်းက ပြောသည်။
“ ဖေဖေနဲ့ အကျဉ်းထောင်ထဲမတရားကျခံခဲ့ရတဲ့ ကျမတို့ သူရဲကောင်းများအတွက် စိတ်အေးသွားပါပြီ၊ ကျေးဇူးတင်ပါတယ်ရှင်” ဟု ဦးထွန်းထွန်းဟိန်၏ သမီးဖြစ်သူ မမေသင်္ကြန်ဟိန်း(မြစ်မခ)က ၎င်း၏ လူမှုကွန်ရက်တွင် ရေးသားထားသည်။
၂၀၂၀ ရွေးကောက်ပွဲ၌ ရှမ်းပြည်နယ် မြောက်ပိုင်း၊ နောင်ချိုမြို့နယ်တွင် ပြည်သူ့ လွှတ်တော်ကိုယ်စား လှယ်အဖြစ် အနိုင်ရခဲ့သည့် ပြည်သူ့လွှတ်တော် ဒုတိယဥက္ကဋ္ဌ ဦးထွန်းထွန်းဟိန်ကို စစ်ကောင်စီတပ်က ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလတွင် နောင်ချိုမြို့၌ ဖမ်းဆီးခဲ့ပြီး ရာဇသတ်ကြီး ပုဒ်မ ၁၃၀ (က) ၊ နိုင်ငံတော်ပုန်ကန်မှု ရာဇသတ်ကြီး ပုဒ်မ – ၁၂၂၊ ရာသတ်ကြီးပုဒ်မ – ၅၀၅ (က) ၊ပုဒ်မ – ၅၀၅ (ခ) များဖြင့် ထောင်ဒဏ် ၃၃ နှစ် ချမှတ်ခံထားကာ လားရှိုးထောင်၌ အကျဉ်းချခဲ့ခြင်းဖြစ်သည်။
လားရှိုးမြို့တွင် တိုက်ပွဲများဖြစ်ပွားနေစဉ်အတွင်း လားရှိုးအကျဉ်းထောင်၌ အကျဉ်းကျနေသည့် နိုင်ငံရေးအကျဉ်းသားတချို့သည် ထောင်ဖောက်စဉ် မိုင်းစ ထိမှန်သည့် ဒဏ်ရာများ(မစိုးရိမ်ရ)ရရှိခဲ့သည့်အတွက် ဆေးကုသမှုများ ပြုလုပ်ပေးလျှက်ရှိကြောင်း ဦးမောင်မောင်ဆွေက ဆက်ပြောသည်။
လားရှိုးအကျဥ်းထောင်သိမ်းယူမှုဖြစ်စဥ်တွင် တော်လှန်ရေးအင်အားစုများနှင့် စစ်တပ်တို့အကြား နှစ်ဖက်ပစ်ခတ်ခဲ့သည့် လက်နက်ကြီးလက်နက်ငယ်များကြောင့် အကျဥ်းသား ၁၀၀ဦးကျော်သေဆုံးခဲ့ပြီး အကျဉ်သားများသည် ကိုယ့်နည်းကိုယ့်ဟန်ဖြင့်သာ ထောင်ဖောက်ခဲ့ခြင်းဖြစ်ကြောင်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များ၏ မဟာဗျူဟာလေ့လာရေးမှတ်တမ်းဌာနတာဝန်ခံ ထွန်းထွန်း(အရေးတော်ပုံတပ်သား)၏ လူမှုကွန်ရက်တွင် ဖော်ပြချက်များအရ သိရသည်။
“ လားရှိုးအကျဥ်းထောင် သိမ်းယူမှုမှာ နှစ်ဖက်ပစ်ခတ်ခဲ့တဲ့ လက်နက်ကြီးလက်နက်ငယ်တွေကြောင့် အကျဥ်းသာ ၁၀၀ကျော်သေဆုံးခဲ့ပါတယ်။ အကျဥ်းထောင်ကလွတ်မြောက်ဖို့ အကျဉ်သားတွေဟာ ကိုယ့်နည်းကိုယ့်ဟန်နဲ့ ထောင်ဖောက်ခဲ့တာဖြစ်တယ်။ လူမှုကွန်ယက်ပေါ်မှာ ပြောခဲ့ကြသလိုမျိုး စကခ ၂၁ မှူးသူရဇော်လွင်စိုးက ဆုတွေတောင်းပြီးလွှတ်ပေးခဲတာမဟုတ်ကြောင်း လွှတ်လာသူတွေထံက သိရတယ်” ဟု ၎င်း၏ လူမှုကွန်ရက်တွင် ဖော်ပြထားသည်။
လားရှိုးအကျဉ်းထောင်တွင် ထောင်ကျအကျဉ်းသား ၂၅၀၀ဦးကျော်နှင့် တရားရင်ဆိုင်ဆဲအချုပ်သား ၂၀၀ ဦးကျော်ရှိခဲ့ကြောင်း၊ လားရှိုးအကျဉ်းထောင်မှ လွတ်မြောက်လာသည့် တအာင်းလူမျိုး ၁၃၀ဦးနီးပါးကို ကိုးကန့်တပ်ဘက်မှ တအာင်းတပ်မတော်-TNLA ထံ လွှဲပြောင်းအပ်နှံပြီးကြောင်းနှင့် ကျန်အကျဉ်းသား ၁၇၀၀ ကျော်ကို ကိုးကန့်တပ်က ထိန်းသိမ်းထားကာအကျဉ်းသား ၈၀၀ဦးကျော်သည်အခြေအနေကို မသိရသေးဘဲ ပျောက်ဆုံးနေကာ နိုင်ငံရေးအကျဉ်းသားများကို ကိုးကန့်တပ်များ၏စောင့်ရှောက်ထားမှုရှိပြီး တချို့မိသားစုနဲ့စကားပြောခွင်ရကြောင်း ထွန်းထွန်း (အရေးတော်ပုံတပ်သား) ထံမှ သိရသည်။
လားရှိုးအကျဉ်းထောင်မှ လွတ်မြောက်လာသည့် နိုင်ငံရေးကျဉ်းသားများအပါအဝင် အကျဉ်းသားများကို ရှမ်းမြောက်ရှိ သက်ဆိုင်ရာ အဖွဲ့အစည်းများမှ ထိန်းသိမ်းထားပြီး မကြာမီ သတင်းထုတ်ပြန်သွားမည်ဖြစ်ကြောင်း သိရသည်။