By Zwe Ko / MPA
ပဲခူးတိုင်း၊ သာယာ၀တီခရိုင်အတွင်းရှိ မြို့နယ်များတွင် ရေကြီးရေလျှံမှုကြောင့် စပါးခင်းများ ပျက်စီးသွားသော်လည်း အာမခံလျော်ကြေး ပေးအပ်ခြင်းမရှိကြောင်း တောင်သူများထံမှ စုံစမ်းသိရှိရသည်။
ယခုနှစ်အတွင်း တောင်သူများအနေဖြင့် မိုးစပါးစိုက်ပျိုးစရိတ် ချေးငွေရယူရာ၌ သဘာ၀ဘေးအတွက် လယ်တစ်ဧကလျှင် အာမခံကြေးအဖြစ် ငွေကျပ် သုံးထောင်ကို မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်သို့ ပေးသွင်းရသော်လည်း၊ ရေကြီးနစ်မြုပ်မှု တကယ်ဖြစ်ပေါ်ချိန်၌ ယင်းဘဏ်မှ လျော်ကြေးပေးခြင်းမရှိဘဲ အာမခံအဖြစ်သွင်းထားသည့် ငွေကျပ် သုံးထောင်ကိုသာ ပြန်ထုတ်ပေးခြင်းဖြစ်သည်။
ပြီးခဲ့သည့် ဇူလိုင်လလယ်မှ စတင်ကာ ဧရာ၀တီမြစ်ရေနှင့် မြစ်မခမြစ်ရေ မြင့်တက်မှုနှင့်အတူ မိုးအဆက်မပြတ်ရွာသွန်းမှုကြောင့် သာယာ၀တီခရိုင်အတွင်းရှိ စပါးဧက တစ်သိန်းကျော် ရေနစ်မြုပ်ပျက်စီးခဲ့ရသည်။
“ အခုလို ရေနစ်တာတို့၊ မိုးခေါင်တာတို့ကြောင့် စပါးခင်းတွေပျက်စီးသွားရင် လျော်ပေးဖို့ဆိုပြီး ချေးငွေအတွက် ဘဏ်စာအုပ်တောင်းကတည်းက တစ်ဧက သုံးထောင်ဆိုပြီး အုပ်ကြီး(စစ်ကောင်စီခန့် အုပ်ချုပ်ရေးမှူး)က တောင်းသွားတာ၊ ရေနစ်တော့ အဲ့ဒီ တောင်းထားတဲ့ ပိုက်ဆံ သုံးထောင်ပဲပြန်ပေးတယ်။ ပိုလည်းမပေးဘူး။ ရေနစ်တဲ့ လယ်တွေရော၊ ရေမနစ်တဲ့လယ်တွေအတွက်ကော ထောင်းထားတဲ့ ပိုက်ဆံ သုံးထောင်ပဲပြန်ပေးတာ” ဟု သာယာ၀တီမြို့နယ်ရှိ အသက် ၅၀ အရွယ် တောင်သူတစ်ဦးက ပြောသည်။
ထို့ပြင် သာယာ၀တီခရိုင် လက်ပံတန်းမြို့နယ်တွင်လည်း အာမခံကြေးအဖြစ် တောင်းခံထားသည့် ငွေကျပ် သုံးထောင်ကို ပြန်လည်ပေးမှုများရှိသော်လည်း ကျေးရွာအုပ်စုတိုင်းပေးအပ်ခြင်းမဟုတ်ဘဲ ရေကြီးရေလျှံမှုကြောင့် စပါးစိုက်ခင်းများ ပျက်စီးခဲ့သည့် ကျေးရွာများကိုသာ ပေးအပ်ကြောင်း ခမုံကျေးရွာနေ တောင်သူတစ်ဦးက ပြောသည်။
“ ရေနစ်ပြီး ပျက်စီးသွားတဲ့ ကျေးရွာတွေကို တစ်ဧက သုံးထောင်ပြန်ပေးတာ၊ ရေမနစ်တဲ့ ရွာတွေကိုတော့ ပြန်မပေးဘူး။ သူတို့ယူထားတာ၊ တကယ်ဖြစ်တော့ လျော်ကြေးပေးတာမဟုတ်ဘူး။ တကယ်ဆို ရေနစ်လို့ စပါးခင်းတွေ ပျက်ရင် တစ်ဧကကို နှစ်သိန်းလောက်ပေးရမှာ အခုကတော့ အာမခံကြေးသွင်းထားတဲ့ သုံးထောင်ပဲပြန်ပေးတာလေ” ဟု ၎င်းက ဆိုသည်။
အာမခံကြေးအဖြစ် ကျပ် သုံးထောင် တောင်းစဉ်က သဘာ၀ဘေးကြောင့် လယ်များပျက်စီးပါက လယ်သမားများကို လျော်ကြေးအဖြစ် တစ်ဧက နှစ်သိန်းမှ သုံးထိန်းထိ ပြန်ရနိုင်ပြီး မပျက်စီးသည့် လယ်များကို လျော်ကြေးမပေးဟု စစ်ကောင်စီခန့်အုပ်ချုပ်ရေးမှူးများနှင့် ဘဏ်ဝန်ထမ်းများ ပြောကြားထားသည်ဟု မင်းလှမြို့နယ်၊ ရှားတော်ကွင်းကျေးရွာနေ တောင်သူတစ်ဦးက ပြောသည်။
“ကျတော်တို့ ရွာကတော့ ဘဏ်ကထုတ်ပြီးပြီ၊ သွင်းထားတဲ့ ငွေပဲပြန်ရတယ်လေ၊ ရေနစ်တဲ့ကွင်းတွေလည်းရှိတယ်။ အခုထိတော့ ပိုက်ဆံပြန်ပေးမှာတို့ သီးနှံအာမခံကြေး အလျော်ပေးမှာတို့တော့ ပြောသံမကြားသေးဘူး။ အာမခံသွင်းထားတဲ့ ပိုက်ဆံပဲပြန်ပေးတော့ တောင်သူတွေနစ်နာရတယ်” ဟု ၎င်းက ဆိုသည်။
မြန်မာနိုင်ငံအနှံ့ ရေကြီးရေလျှံမှုကြောင့် ပျက်စီးသွားသည့် စပါးခင်းများကို မြေဩဇာများ၊ စပါးမျိုးစေ့များနှင့် လိုအပ်သည့် စိုက်ပျိုးရေးဆေးများ ကူညီထောက်ပံ့ပေးမည်ဟု မြန်မာနိုင်ငံ ဆန်စပါးအသင်းချုပ်က ဇူလိုင် ၂၆ရက်တွင် ကြေညာထားသည်။
“ စပါးတွေက ၁၀ရက်လောက် ရေနစ်သွားရင် မကောင်းတော့ဘူး။ ပျက်စီးမှု အရမ်းများတယ်။ ပြန်စိုက်ဖို့ကလည်း နောက်ကျနေပြီ၊ အခုထိတော့ ဘာမှ ကူညီထောက်ပံ့တာမရသေးဘူး။ အုပ်ချုပ်ရေးမှူးတွေကတော့ စာရင်းလိုက်ကောက်နေတာပဲ၊ အခုက လယ်တစ်ဧအတွက် ထည့်ထားရတဲ့အရင်းအနှီးက မရှိဘူးဆို လေးသိန်းလောက်ရှိတယ်” ဟု အုတ်ဖိုမြို့နယ်မှ အသက် ၄၀အရွယ် တောင်သူ အမျိုးသမီးတစ်ဦးက ပြောသည်။
ဇူလိုင်လနှင့် ဇွန်လအတွင်း မြစ်ရေမြင့်တက်မှုနှင့် မိုးသည်းထန်စွာရွာသွန်းမှုကြောင့် ရေကြီးရေလျှံမှုဖြစ်ပေါ်ခဲ့ရာတွင် မိုးစပါးတစ်ခုသာ ပျက်စီးခြင်းမဟုတ်ဘဲ ရိတ်သိမ်းခါနီး နွေစပါးများပါ ပျက်စီးခဲ့ခြင်းဖြစ်သည်ဟု အုတ်ဖိုမြို့နယ်မှ နွေစပါးစိုက်တောင်သူတစ်ဦးက ဆိုသည်။
“ စပါးတွေက ရိတ်ဖို့နီးနေပြီ၊ မိုးကရွာ၊ ရေကမြုပ်လေ၊ ပြီးတော့ နွေစပါးက သက်ငယ်မျိုးလေ၊ ရေနဲ့ထိတာနဲ့ အစို့တွေထွက်ကုန်ရော၊ စပါးက ရိတ်လို့တောင်မရတော့ဘူး” ဟု ၎င်းက ရှင်းပြသည်။
တောင်သူများသည် နှစ်စဉ်သဘာ၀ဘေးကြောင့် စပါးစိုက်ခင်းများကြုံတွေ့နေရသော်လည်း စစ်ကောင်စီက ထိရောက်သည့် ကူညီမှုများမရှိသည့်အပြင် ဓာတ်မြေဩဇာများနှင့် ဆန်စျေးများကို ကန့်သတ်လိုက်ခြင်းကြောင့် စပါးစျေးများကျဆင်းပြီး တောင်သူများ ပိုမိုခက်ခဲနေခြင်းဖြစ်သည်။
၂၀၂၃ခုနှစ်ကလည်း ပဲခူးတိုင်းအတွင်း ရေကြီးရေလျှံမှု စံချိန်တင်ဖြစ်ပွားခဲ့ပြီး ရိတ်သိမ်းခါနီးစပါးခင်းများ ပျက်စီးခဲ့သော်လည်း စစ်ကောင်စီက ထိရောက်စွာ ကူညီခဲ့ခြင်းမရှိကြောင်း တောင်သူများထံမှ သိရသည်။