By Ko Paing / MPA
မိုးကုတ်-မန္တလေးလမ်းမကြီးတစ်ကြောတွင် စစ်ရေးအရ အရေးပါသည့် သပိတ်ကျင်းမြို့နယ်၊ ချောင်းကြီးရဲစခန်းကို တော်လှန်ရေးတပ်ဖွဲ့များက သိမ်းပိုက်လိုက်ပြီဖြစ်ကြောင်းသိရသည်။
မန္တလေး-မိုးကုတ်လမ်းပေါ်ရှိ ချောင်ကြီးရဲစခန်းကို တစ်လကျော်ကြာ တိုက်ခိုက်ပြီးနောက် သြဂုတ်တစ် ရက်၊ ညနေ ငါးနာရီဝန်းကျင်တွင် အပြီးသတ်သိမ်းပိုက်ရရှိခဲ့ခြင်းဖြစ်ကြောင်း ပြင်ဦးလွင်ခရိုင်ပကဖ ထံက သိရသည်။
“လက်နက်ခဲယမ်းလည်းသိမ်းဆည်းရရှိတာရှိပါတယ်။စခန်းမှူးကတော့ မရလိုက်ပါဘူး။ ထွက်ပြေးလွတ်မြောက်သွားပါတယ်” ဟု ပြင်ဦးလွင်ခရိုင်ပကဖ၊ တာဝန်ရှိသူ ကိုဒေးဗစ် က MPAသို့ ပြောသည်။
ယင်းစခန်းကိုသိမ်းပိုက်ခဲ့ပြီးနောက် နယ်မြေရှင်းလင်းရေးလုပ်ဆောင်နေစဥ် တွေ့ရှိခဲ့သည့် စစ်ကောင်စီတပ်သားတို့၏ အလောင်းများကိုလည်း တော်လှန်ရေးတပ်ဖွဲ့ဝင်များက သင်္ဂြိုဟ်ပေးခဲ့ကြောင်းသိရသည်။
“ချောင်းကြီးရဲစခန်းက စီးပွားရေးအရဆိုတာထက် ချောင်းကြီးရွာ ကျသွားတာနဲ့ မိုးကုတ်-မန္တလေး လမ်းမကြီးတစ်ကြောလုံးကို ကျတော်တို့ PDF တွေစိုးမိုးသွားနိုင်မှာစိုးလို့ တစ် လကြာတောင့်ခံတာဖြစ်ပါလိမ့်မယ်။ကျတော်တို့ NUG အစိုးရရဲ့ စိုးမိုးနယ်မြေ ကျယ်ပြန့်လာမှာကို ကြောက်လို့လည်း ဒီလောက်အကြာကြီး သူတို့ တောင့်ခံသွားတာဖြစ်ပါလိမ့်မယ်” ဟု ၎င်းကဆိုသည်။
စခန်းသိမ်းတိုက်ပွဲအတွင်း စစ်ကောင်စီတပ်မှ လေကြောင်းနှင့်လက်နက်ကြီးပစ်ကူပေးမှုများကြောင့် အရပ်သားပြည်သူ့အချို့ ထိခိုက်သေဆုံးမှုရှိကြောင်းသိရသည်။
ချောင်းကြီးရွာအနီးနေ ဒေသခံတစ်ဦးကမူ စစ်ကောင်စီတပ်ဖွဲ့ဝင်များသည် ချောင်းကြီးရဲစခန်းဝန်း ကျင် ရှိ ရွှေတွင်းများမှ ဆက်ကြေးရနေသဖြင့် စခန်းမကျအောင် အပြင်းအထန်ခုခံခြင်းဖြစ်ကြောင်း ဆိုသည်။
“ ချောင်းကြီးရွာမှာက ရွှေတွင်းတွေရှိတယ်။ ဒီကနေ ဆက်ကြေးတွေရတယ်။ ရွှေတွင်းတစ်တွင်း ဖောက်ရင် သူတို့ (စစ်သားများ) က ၁၈ သိန်း အနည်းဆုံးတောင်းတယ်။ ကုမ္ပဏီအကြီးတွေကိုဆိုရင် တလကို သိန်း ၅၀ ၊ သိန်း ၁၀၀ လိုသလို တောင်းနေကြတာ” ဟု ၎င်းက ဆိုသည်။
ရွှေတွင်း စတင်တူးဖော်ချိန်တွင် ကနဦး ဆက်ကြေးအဖြစ် ကျပ်၁၈သိန်း ပေးရပြီး ရွှေကြောတွေ့ပါက စစ်တပ်နှင့်ရဲအရာရှိများကို အစုရှယ်ယာ ထည့်ခွင့်ပေးရကြောင်းလည်း ၎င်းက ဆက်လက် ပြောသည်။
သပိတ်ကျင်းမြို့နယ်၊ချောင်းကြီးရဲစခန်းကို ဇွန်လ ၂၆ ရက်နေ့မှ စတင်၍ တော်လှန်ရေးတပ်ဖွဲ့များက တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်းသိရသည်။
အဆိုပါစခန်းသိမ်းတိုက်ပွဲကို အမှတ်တစ် စစ်ဒေသအောက်ရှိ ပြင်ဦးလွင်ခရိုင်တပ်ရင်းများ၊ သပိတ်ကျင်းမြို့နယ်တိုက်နယ်ပကဖ၊ မြို့နယ်ပကဖ၊ ခရိုင်ပကဖ၊ ရွှေဘိုခရိုင်ပကဖနှင့်ရွှေဘိုခရိုင်တပ်ရင်း များပူးပေါင်းပါဝင်ကြောင်းသိရသည်။