By Ra Wai / MPA
စစ်ကောင်စီ ယိုယွင်းပြိုလဲမှုကို မျက်ဝါးထင်ထင် မြင်လာရပြီဖြစ်ကြောင်း NUG ယာယီသမ္မတ ဒူဝါလ ရှီးလ က ပြောကြားလိုက်သည်။
ယနေ့ (ဩဂုတ်သုံးရက်) နံနက်ပိုင်းတွင် ယာယီသမ္မတ ဒူဝါလရှီးလ က ၎င်း၏ ဖေ့စ်ဘွတ်စာမျက်နှာ၌ အထက်ပါအတိုင်း ရေးသားခဲ့ခြင်းဖြစ်ပြီး ယနေ့နံနက်ပိုင်းမှာပင် လားရှိုးမြို့၊အရှေ့မြောက်တိုင်းစစ်ဌာ နချုပ်(ရမခ)ကို MNDAA ဦးဆောင်သော ပူးပေါင်းတပ်က အပြီးသတ်သိမ်းပိုက်လိုက်ပြီဖြစ်ကြောင်း မြေပြင်သတင်းရင်းမြစ်ထံက သိရသည်။
“ဒီမနက်ကတော့ လုံးဝ အပြီးအပြတ် ရမခ ကို သိမ်းလိုက်တာလို့ သိရတယ်။မနေ့က အလံဖြူထောင် တာရှိတယ်။ဒီနေ့ကတော့ တိုက်ပွဲဂွင်ထဲက စစ်သားတချို့ ဆုတ်ပြေးသွားတယ်လို့ သိရတယ်။စစ်တပ်သမိုင်းတစ်လျှောက်မှာ တိုင်းစစ်ဌာနချုပ်တစ်ခု တိုင်းရင်းသား လက်နက်ကိုင်လက်ထဲ ကျတယ်ဆိုတာ ဒါ ပထမဆုံးပါပဲ” ဟု ရှမ်းမြောက်အခြေစိုက် PDFရဲဘော်တစ် ဦးက ပြောသည်။
အရှေ့မြောက်တိုင်းစစ်ဌာနချုပ် ကျသွားသည်ကို စစ်တပ်လော်ဘီတယ်လီဂရမ်များကပင် အသိအမှတ်ပြုကာ ငိုပွဲဆင်နေကြကြောင်း ၎င်းက ဆက်လက်ပြောသည်။
ယခုလို အချိန်မျိုးတွင် ပြည်သူလူထုနှင့် သက်ဆိုင်ရာတော်လှန်ရေးအင်အားစုအားလုံး အညီညွတ်ဆုံးသော လူထုတပ်ပေါင်းစုကြီးအဖြစ် ရုန်းထပါဝင်လာရန် လိုအပ်ကြောင်း ယာယီသမ္မတ ဒူဝါလ ရှီးလ ကဆိုသည်။
“တော်လှန်ရေးအင်အားစုအားလုံးဟာ တာဝန်ကျေသင့်တာထက် ပိုလွန်တဲ့ လူထုမျက်နှာကို ငဲ့ပြီးတော့ အကြမ်းဖက်စစ်ကောင်စီ အဆုံးသတ်ပြိုလဲချိန်ထိ တညီတညွတ်တည်း ဝိုင်းဝန်းကြိုးစားကြဖို့ လိုပါတယ်” ဟု ၎င်းက ဆက်လက်ပြောသည်။
MNDAAနှင့် ပူးပေါင်းတပ်တို့သည် ဇူလိုင်သုံးရက်မှ စတင်ကာ လားရှိုးမြို့ကို ထိုးစစ်ဆင်ခဲ့ခြင်းဖြစ် သည်။