By Ra Wai / MPA
စစ်ကိုင်းတိုင်း၊ ဒီပဲယင်းမြို့ပေါ်က စစ်တပ်အထိုင်ချစခန်းနှစ်ခုကို PDFပူးပေါင်းတပ်က တစ်ပြိုင်နက်ဝင်တိုက်ခဲ့ကြောင်း သိရသည်။
ယနေ့ (ဩဂုတ် နှစ်ရက်) မွန်းလွဲ တစ်နာရီခန့်တွင် ဒီပဲယင်းမြို့ပေါ်ရှိ စစ်တပ်အထိုင်ချတပ်စွဲထားသည့် ရွှေဇာလီဘုရားနှင့် မြို့မရဲစခန်းတို့ကို လက်နက်ကြီး၊ လက်နက်ငယ်တို့ဖြင့် ဝင်ရောက်ပစ်ခတ်ခဲ့ရာ ထိတွေ့တိုက်ပွဲ နာရီဝက်ခန့်ကြာ ဖြစ်ပွားခဲ့ကြောင်း Freedom Revolution Force (FRF) က သတင်းထုတ်ပြန်သည်။
“ နေရာနှစ်ခုလုံးကို ၄၀(မမ) နဲ့ အရင်ပစ်ခတ်ပြီးမှ လက်နက်ငယ်နဲ့ ပစ်တာဗျ။ နာရီဝက်လောက်တော့ ထိတွေ့တိုက်ပွဲဖြစ်လိုက်တယ်” ဟု Freedom Revolution Force (FRF)၊ ပြန်ကြားရေးတာဝန်ခံက MPA သို့ပြောသည်။
စစ်ကောင်စီဘက်က ထိခိုက်သေဆုံးမှုနှင့် ပျက်စီးမှုများကို မသိရှိရသေးကြောင်း ၎င်းကပြောသည်။
“ သူတို့ဘက်ကအပျက်အစီးကိုမသိရသေးဘူးဗျ။ ပြန်ဆုတ်ခဲ့ရတာ ဘာညာနဲ့ဆိုတော့ သတင်းမရသေးဘူးဗျ” ဟု ၎င်းက ဆက်လက်ပြောသည်။
စစ်ကောင်စီဘက်ကလည်း လက်နက်ကြီး၊ လက်နက်ငယ်တို့နှင့် ပြန်လည်ပစ်ခတ်ခဲ့သော်လည်း PDF ရဲဘော်များ အထိအခိုက်မရှိပြန်လည်ဆုတ်ခွာနိုင်ခဲ့ကြောင်းသိရသည်။
ယင်းတိုက်ခိုက်မှုကို Freedom Revolution Force (FRF) နှင့် ဒီပဲယင်းမြို့နယ်ပကဖ (တိုက်နယ်ငါး) ပူးပေါင်းအဖွဲ့တို့ ဆင်နွှဲခဲ့ခြင်းဖြစ်ကြောင်း သိရသည်။