By Hlaing / MPA
ကချင်ပြည်နယ်ရှိ ဗန်းမော်၊ မိုးမောက်နှင့် မြစ်ကြီးနားမြို့နယ်တို့တွင် တိုက်ပွဲများပြင်းထန်နေပြီး ဖုန်းလိုင်းနှင့် အင်တာနက်လိုင်းများပါပြတ်တောက်နေကြောင်း ဒေသခံများထံမှ စုံစမ်းသိရှိရသည်။
၂၀၂၄ ခုနှစ်၊ ဇူလိုင် ၂၄ ရက်မှစ၍ မြစ်ကြီးနား – ဗန်းမော်လမ်းပိုင်း၊ မိုးမောက်မြို့နယ်ရှိ စစ်ကောင်စီတပ်ရင်း ရှစ်ခုအနက် နောက်ဆုံးကျန်ရှိသည့် မြို့စောင့်တပ် ခမရ ၄၃၇ တပ်ရင်းကို ကချင်လွတ်မြောက်ရေးတပ်မတော် (KIA) က ထိုးစစ်ဆင် တိုက်ခိုက်နေခြင်းဖြစ်သည်။
“ ခမရ ၄၃၇ က အခုထိ မရသေးဘူး။ စစ်ကောင်စီတပ်က လေယာဥ်အရမ်းသုံးတယ်။ မံစီမြို့က ခမရ ၆၀၁ နဲ့ ၃၀၉ ကျန်နေတယ်။ ကျန်တဲ့တပ်ရင်းတွေက မတ်လကတည်းက အကုန်ကျကုန်ပြီလေ၊ အင်တာနက်မရတော့ လေယာဥ်အတက်အဆင်း သတင်းတွေလည်း မသိရဘူး” ဟု စစ်ရေးနှင့် နီးစပ်သူတစ်ဦးက MPA သို့ ပြောသည်။
ရေကြီးရေလျှံမှုကြောင့် လေးပတ်ခန့်ရပ်နားထားသော တိုက်ပွဲများသည် ဇူလိုင် ၂၄ ရက်မှစ၍ ဗန်းမော်၊ မိုးမောက်နှင့် မံစီမြို့နယ်တို့တွင် တကျော့ပြန်ဖြစ်ပွားလာသည့်အတွက် စစ်ကောင်စီ၏ နေရာများကို အပြီးသတ်သိမ်းပိုက်နိုင်သည့် ထိုးစစ်ဖြစ်နိုင်ကြောင်း ဒေသခံအများစု သုံးသပ်ကြသည်။
“ ဇွန်လဆန်းပိုင်းမှာတော့ ဝိုင်းမော်မြို့နယ်ထဲက စစ်ကောင်စီစခန်းတွေ သိမ်းမိတယ်။ ရဲစခန်းနဲ့ ခလရ ၅၈ ပဲ ကျန်တော့တာ” ဟု ဝိုင်းမော်ဒေသခံနှင့် နီးစပ်သူတစ်ဦးက ဆိုသည်။
လက်ရှိ ဗန်းမော်မြို့ရှိ စစ်ဆင်ရေးကွပ်ကဲမှု ဌာနချုပ် (စကခ ၂၁) မှလည်း ဗန်းမော်မြို့အစွန်၊ ဗန်းမော်တက္ကသိုလ်နေရာအနီးတစ်ဝိုက်သို့ ရည်ရွယ်ချက်ရှိရှိ ပစ်ခက်လျက်ရှိနေရာ အောင်ပြည်သာ၊ ရွှေစည်၊ သာစည်၊ တာမိုင်းလုံ၊ နန့်လှိုင်နှင့် မိုးဖိန်းကျေးရွာသို့ လက်နက်ကြီးကျည်များ ကျရောက်ပေါက်ကွဲခဲ့ကြောင်း သိရသည်။
“ အောင်ပြည်သာ၊ တာမိုင်းလုံနဲ့ မိုးဖိန်းရွာတကြောကတော့ လက်နက်ကြီးလည်းကျတယ်။ လေယာဥ်တွေလည်း တောက်လျှောက်လာကြဲတယ်။ ကျမဆို ကိုယ့်အိမ်အခြေအနေပြန်ကြည့်ချင်တာတောင်မှ လူထိမှာစိုးလို့ မပြန်ရဲဘူး။ ဗန်းမော်မြို့ထဲမှာက အရမ်းမဆိုးသေးဘူး။ လက်နက်ကြီးသံတော့ကြားရတယ်” ဟု စစ်ရှောင်နေသည့် အောင်ပြည်သာကျေးရွာမှ အမျိုးသမီးတစ်ဦးက ပြောသည်။
“ ဗန်းမော်မှာက ဖုန်းလိုင်းတွေအခုထိမရတော့ အိမ်ကိုစိတ်ပူရတယ်။ ငွေလွှဲလို့လည်း မရဘူး။ လိုင်းပေါ်မှာလည်း တစ်ချို့သတင်းတွေဖတ်ပြီး ရင်မောတာပေါ့” ဟု မန္တလေးမြို့တွင် အလုပ်လုပ်ကိုင်နေသည့် အမည်မဖော်လို အမျိုးသားတစ်ဦးက ဆိုသည်။
ပြီးခဲ့သည့် ဇူလိုင် ၂၁ ရက်မှစ၍ ယနေ့ (သြဂုတ် ၂ ရက်)အထိ ကချင်ပြည်နယ်အတွင်းရှိ ဗန်းမော်၊ မိုးမောက်၊ ဝိုင်းမော်၊ ဟိုပင်၊ ရွှေကူ၊ ဖားကန့်နှင့် မြစ်ကြီးနားမြို့နယ်တို့တွင်သာမက စစ်ကိုင်းတိုင်းဒေသကြီးအထက်ပိုင်းရှိ မြို့နယ်အချို့တွင်လည်း ဖုန်းလိုင်းနှင့် အင်တာနက်လိုင်းများပြတ်တောက်လျက်ရှိနေသည်။
အင်တာနက်ပြတ်တောက်နေသည့်ကာလအတွင်း မြစ်ကြီးနားမြို့နယ်အတွင်း၌လည်း စစ်ကောင်စီတပ်ဖွဲ့ဝင်များက လုံခြုံရေးတင်းကျပ်ထားပြီး၊ စစ်ဆေးမှုများပြုလုပ်နေကြောင်း ဒေသခံတစ်ဦးက ပြောသည်။
“ မြစ်ကြီးနားမှာ သုံးရက်လောက်ရှိပြီ၊ MPT ဖုန်းလိုင်းနည်းနည်းရတယ်၊ အကြာကြီးမရဘူး။ မြစ်ကြီးနားအစွန်ကရွာတွေမှာတော့ တိုက်ပွဲဖြစ်နေတယ်လို့ ကြားတယ်” ဟု ၎င်းက ဆိုသည်။
၂၀၂၄ ခုနှစ်၊ မတ်လ ၇ ရက်မှစ၍ ကချင်လွတ်မြောက်ရေးတပ်မတော် (KIA)က ထိုးစစ်ဆင်စစ်တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်စခန်းပေါင်း ၂၀၀ ခန့်အပါအဝင် နယ်စပ်ကုန်သွယ်ရေးမြို့ လွယ်ဂျယ်၊ အင်ဂျန်းယန်၊ ဆဒုံး၊ ဆွမ်ပရာဘွမ်၊ ဆင်ဘို၊ ဒေါ့ဖုန်းယန်နှင့် မြို့လှမြို့နယ်တို့ကို သိမ်းပိုက်ထားနိုင်ခဲ့သည်။