By Ko Paing / MPA
မွန်ပြည်နယ်၊ သထုံမြို့နယ်၊ ရန်ကုန်-မော်လမြိုင်ကားလမ်းပေါ်ရှိ မိုင်းပေါက်ကွဲမှုကြောင့် ကျိုးကျသွား သောတံတားပေါ်မှ ကားများ ပြန်ဖြတ်နိုင်ပြီဖြစ်ကြောင်း သိရသည်။
ယနေ့ (ဩဂုတ် ၂ ရက်) နံနက်အစောပိုင်းတွင်သထုံမြို့နယ်၊ ကမာစိုင်ကျေးရွာ၊ ကမာဆိုင်ကွက်သစ်၊ ရန်ကုန်-မော်လမြိုင်ကားလမ်း၊ မိုင်တိုင်အမှတ် ၁၃၃/၆ နှင့် ၁၃၃/၇ ကြားရှိ သံကူကွန်ကရစ်တံတား အမှတ် ၃/၁၃၄ တံတားသည် မိုင်းပေါက်ကွဲမှုကြောင့် ကျိုးကျသွားခြင်းဖြစ်သည်။
“မနက်အစောကြီး ၁၂ ကျော်လောက်မှာ မိုင်းကွဲသံကြားရတာ။တံတားကျိုးသွားတယ်။ မနက်အစောပိုင်းကတော့ ကားတွေသွားလို့မရဘူး။အခုတော့ ကားကြီးတွေကို တစ်စီးချင်း ပေးဖြတ်နေပါတယ်”ဟု ဘီးလင်းမြို့ခံတစ်ဦး က MPAသို့ ပြောသည်။
ယနေ့နံနက် ကိုးနာရီကျော်တွင် ကားများ တစ်စီးချင်း ပြန်လည် သွားလာနိုင်ခြင်းဖြစ်ကြောင်း သိရသည်။
“မနက်တုန်းကအထိတော့ ကားသွားလို့မရဘူး။ရွာထဲ လမ်းတွေကလည်း အခုမိုးတွေ ဆက်တိုက်ရွာထားလို့ ကားသေးတွေသွားဖို့တောင် အဆင်မပြေဘူး။ဒီမနက်၉နာရီကျော်မှာ ပြန်ပြင် လိုက်လို့ ကားပြန်ဖြတ်လို့ရပြီလို့ ကြားတယ်”ဟု သထုံမြို့နယ်၊သိမ်ဆိပ်နေ ဒေသခံတစ်ဦးက ပြောသည်။
တံတားမိုင်းဖောက်ခွဲနှင့် ပတ်သက်ပြီး မည်သည့်အဖွဲ့က ပြုလုပ်သလဲဆိုသည်ကို ထုတ်ပြန်ခြင်း မရှိသေးပေ။
ပြီးခဲ့သည့် မေလ ၂၃ ရက်ကလည်း ဘီးလင်းမြို့နယ်၊ရန်ကုန်-မော်လမြိုင်လမ်းပိုင်း တောင်ကလေးကျေးရွားအနီးရှိ မစောတံတား လည်း မိုင်းပေါက်ကွဲမှုကြောင့် ပျက်စီးခဲ့သေးသည်။