By Ko Paing / MPA
ရေကြောင်းမှ အင်အားဖြည့်တင်း တိုက်ခိုက်မှုရှိသော်လည်း စဉ့်ကူးမြို့ကို တော်လှန်ရေးတပ်များက သိမ်းပိုက်ထားဆဲဖြစ်ကြောင်း သိရသည်။
စဉ့်ကူးမြို့ကို MDY-PDF နှင့် ပူးပေါင်းတပ်တို့က သိမ်းပိုက်ပြီးနောက် ဇူလိုင်၁၉ရက်တွင် စစ်ကောင်စီတပ်က မန္တလေးမှနေ၍ ဧရာဝတီမြစ်ကြောင်းအတိုင်း ရေယာဉ်များဖြင့်ဆန်တက်လာ ကာ ရွှေဘိုမြို့နယ်၊ကျောက်မြောင်းအခြေစိုက် ခမရ၁၂ သို့ စစ်သားအင်အားနှင့်လက်နက်ခဲယမ်းများ ပို့ဆောင်ခဲ့သည်။
“စဥ့်ကူးမြို့ကို ကျနော်တို့သိမ်းပိုက်ရရှိပြီးနောက် ဇူလိုင်လ ၂၀ ရက်နေ့မှာပဲ တိုက်ပွဲငယ်ဖြစ်ပွား ခဲ့တာပါ။ဇူလိုင်လ ၂၀ ရက်နေ့နောက်ပိုင်းမှာတော့ မရှိခဲ့ပါဘူး။စစ်ကောင်စီဘက်က ရေကြောင်းကနေ အင်အားဖြည့်ဖို့ ကြိုးစားလာတာတွေ့ရပါတယ်။ဒါပေမဲ့ စဥ့်ကူး အနီးတစ်ဝိုက်မှာတိုက်ပွဲဖြစ်ပွားတာမျိုးမတွေ့ရပါဘူးဗျ” ဟု MDY-PDF ပြောရေးဆိုခွင့်ရှိသူ ကိုအော်စမွန်က MPAသို့ ပြောသည်။
ဇူလိုင်လ ၁၇ ရက်နေ့တွင် စဥ့်ကူးမြို့နယ်ကို တော်လှန်ရေးတပ်တို့က အပြီးသတ် သိမ်းပိုက်ရရှိခဲ့ပြီး မန္တလေးတိုင်းအတွင်း ပထမဆုံးသိမ်းယူနိုင်ခဲ့သော မြို့အဖြစ် သမိုင်းမှတ်တမ်းတင်နိုင်ခဲ့ကြောင်း MDY-PDF ကထုတ်ပြန်ထားသည်။
စဥ့်ကူးမြို့စစ်ဆင်ရေးများတွင် စစ်သုံ့ပန်း အများအပြားဖမ်းဆီးရမိခဲ့ပြီး လက်နက်ခဲယမ်းများလည်း သိမ်းဆည်းရမိခဲ့ကြောင်းသိရသည်။
စဥ့်ကူးမြို့စစ်ဆင်ရေးများတွင် စစ်ကောင်စီတပ်က လေကြောင်းတိုက်ခိုက်မှုများ အဆက်မပြတ်ပြုလုပ်ခဲ့သောကြောင့် စဉ့်ကူးမြို့ပေါ်ရှိ နေအိမ်များထိခိုက်ပျက်စီးခဲ့ရကြောင်းလည်းသိရသည်။